MNP - မတ် ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီး ကျေးရွာ၊ ငှက်စံကျွန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာနှင့် ဒါးကညောင်ကုန်းကျေးရွာ အုပ်စုတို့၌ ယမန်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်၍ မိုးသည်းထန်စွာရွာ သွန်းမှုကြောင့် (၁၅ ပေ၊ အနံ ၁၂ ပေ၊ အနံ ၁၂ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း) နေအိမ်(၁) လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၀ ပေ၊ အမြင့်၁၂ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး၊ (အလျား ၁၅ ပေ၊ အနံ ၁၁ ပေ၊ အမြင့် ၉ ပေ) ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၃)လုံး ပြိုကျပျက်စီးခဲ့ရပြီး (အလျား ၁၀ ပေ၊ အနံ ၁၈ ပေ၊ အမြင့် ၆ ပေ)သွပ်မိုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ်(၁) လုံး သွပ်(၆)ချပ် အမိုးလန် ဆုံးရှုံးခဲ့ရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စစ်ပင်ကြီးကျေးရွာ အုပ်စု၊ စစ်ပင်ကြီးကျေးရွာနေ ဦးကောင်းထက်စိုး မိသားစု(၃)ဦး နေထိုင်ရာအိမ် (၁) လုံး ပြိုလဲ ပျက်စီး၊ ငှက်စံကျွန်းကျေးရွာနေ ဦးအောင်နိုင်ဝင်း မိသားစု(၂)ဦး နေထိုင်ရာအိမ်(၁)လုံး ပြိုလဲ ပျက်စီး၊ ကျားရဲကျေးရွာအုပ်စု၊ ကုန်းစုကျေးရွာနေ ဦးဝင်းထိုက်မိသားစု (၆)ဦး နေထိုင်ရာ အိမ်(၁)လုံးပြိုလဲပျက်စီး၊ ဒါးကညောင်ကုန်း ကျေးရွာအုပ်စုနေ ဦးတင်မောင်သိန်း မိသားစု(၉)ဦးတို့ နေထိုင်ရာ နေအိမ်သွပ်မိုးများလန်၍ ပျက်ဆီးဆုံးရှုံးခဲ့ရသော မိသားစုတို့ကို မြို့မရဲစခန်း ဒုရဲအုပ် အောင်မိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးကျော်သူလွင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်း၊ တပ်ခွဲမှူး ဦးဇော်ဝင်းနိုင်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရွာသူ ရွာသားများမှ ပြိုလဲပျက်စီးနေအိမ် (၃)လုံးရှိ အိမ်ထောင်စု(၃)စု၊ မိသားစု ဝင်(၁၁)ဦး၊ နေအိမ် အမိုးလန်အိမ်ထောင်စု(၁)စုရှိ မိသားစုဝင်(၉)ဦးတို့ကို ဝိုင်းဝန်းကူညီ၍ နီးစပ်ရာ ဆွေမျိုးသား ချင်းများ၏ နေအိမ်များတွင် ယာယီပြောင်းရွှေ့နေရာချထားပေးခဲ့ပြီး ထိုဖြစ်စဉ်ကြောင့် လူနှင့် တိရစ္ဆာန် အသက်အန္တရာယ် ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
သတင်း - မျိုးဇော်သိန်း
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment