ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

 


MNP - မတ်    ၁၇

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၂ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့ တံဆိပ်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက စစ်တွေမြို့၊ သာသနာ့ ဗိမာန်တော်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို ကြွရောက်တော်မူကြသော ဆရာတော်၊ သံဃာတော်များနှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦး အမှူးပြုသော ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကြပြီး ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ စည်တော်တီးကာ ရတနာသုံးပါးအားပူ ဇော်ကြသည်။ ဆက်လက်၍ ထူးမခြားနား သီချင်းခံသုံးပိုဒ်ဖြင့်ပူဇော်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက အခမ်းအနားဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။ ထို့နောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစ ကပဏ္ဍိတ ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ် ဝန်ကြီးချုပ် အမှူးပြုသောဧည့် ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ ကျောက်တော်မြို့နယ်၊ မီးဝကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တဣန္ဒ မဟာထေရ်မြတ်က သမ္မောဒနီယဩဝါဒကထာ မိန့်ကြားချီးမြှင့်တော် မူသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဇနီးတို့က ပင့်သံဃာများအား လှူဖွယ်ဝတ္ထုနှင့် နဝကမ္မများ ဆက်ကပ်လှူဒါန်းကြကာ ၂၀၂၂ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊  ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ စစ်တွေတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူးတို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် ၂၀၂၂  ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီးအား ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ဝါဝါထွန်းက ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း သည်။ ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စစ်တွေမြို့၊ ဓမ္မသုခကျောင်းတိုက်ပဓာနနာယက ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသောမ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသောဧည့်ပရိတ်သတ်များက အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်းအမျှပေး ကြသည်။ ယင်းနောက် အခမ်းအနားကို “ဗုဒ္ဓသာသနံစိရံတိတု’’ သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရခိုင်မင်္ဂလာစည်တော်အဖွဲ့မှ အောင်စေသံ တီးခတ်ပြီး အခမ်းအနားကို ရုတ်သိမ်းကြသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က  ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရဧည့်ရိပ်သာ၌ ပင့်သံဃာများနှင့် အဆိုပါ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ခံရသော ဆရာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - တင်ထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)