MNP - မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် မိမိတို့၏နေအိမ်များ၊ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းအချိန်က မြို့နယ်အတွင်းရှိ အများပြည်သူအဆောက်အဦးများ၊ အစိုးရဌာနဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်း များကို ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ ဗဟန်းမြို့နယ်အတွင်းရှိ အများပြည်သူဆိုင်ရာ အိုးအိမ်များ၊ အစိုးရဌာန ဆိုင်ရာရုံးများတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောရာတွင် မြို့နယ်မီးသတဦးစီးဌာနမှ တာဝန်ရှိသူများက မီးလောင်မှု ဖြစ်ပေါ်ပါက လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်စေရေးနှင့် မီးငြိမ်းသတ်သည့်နည်းများ စနစ်တစ်ကျရှိစေရေးမီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုပုံ၊ မီးဖို၊မီးသုံးစွဲရာတွင် မီးကြွင်းမီးကျန်မရှိစေရေး၊ စနစ်တကျ ငြိမ်းသတ်ကြရန်၊ လျှပ်စစ်မီးသုံးစွဲရာတွင် သတိပြုသုံးစွဲကြရန်၊ လျှပ်စစ်မီးကြိုးများ ကောင်းမွန်စွာ ရှိ၊ မရှိစစ်ဆေးရန်၊ လျှပ်စစ်မီးသုံးစွဲပြီး အခါတိုင်း၊ မီးခလုပ်များကို သေချာစွာ ပိတ်ကြရန်လိုအပ်ပါက မီးမိန်းခလုပ်များ ချထားဆောင်ရွက်ကြရန်၊ အရေးပေါ်မီးလောင်ကျွမ်းမှု ဖြစ်ပေါ်သည့်အခါ စနစ်တကျ မီးငြှိမ်းသတ်ရေးနည်းစနစ်များ၊ မီးသဘောသဘာဝများ၊ မီးအတန်းအစားအမျိုးမျိုး၊ မီးစတင်လောင်ကျွမ်းခြင်းများ၊ မီးသတ်ဆေးဘူး အမျိုးမျိုးနှင့်မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များကို မြို့နယ်အတွင်းရှိ၊ မိဘပြည်သူများနှင့် အစိုးရ ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်အတွက် အသေးစိတ် အသိပညာပေး ရှင်းလင်းဟောပြောခဲ့ပြီး မီးငြှိမ်းသတ်ရေး ကိရိယာအမျိုးမျိုးနှင့် မီးသတ် ဆေးဘူးများကို လက်တွေ့အသုံးပြု၍ စနစ်တကျ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးသတ်တပ်ဖွဲ့၏ ရည်မှန်းချက်တာဝန်(၄)ရပ်ဖြစ်သည့်၊ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးစသည့် ရည်မှန်းချက် တာဝန်များကို နိုင်ငံတော်နှင့် ပြည်သူများအတွက် အားကြိုးမာန်တက် စဉ်ဆက်မပြတ် အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ယခုအခါတွင် ဗဟန်းမြို့နယ် အပါအဝင် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မီးလောင်မှု/ မီးလန့်မှုများ မကြာခဏ ဆိုသလို ဖြစ်ပွားလျက် ရှိခြင်းကြောင့် မြို့နယ်အတွင်းရှိ အစိုးရဌာနဆိုင်ရာရုံးများအပြင် မြို့နယ်အတွင်းရှိ စက်ရုံ/ အလုပ်ရုံ/ လုပ်ငန်းများ/ ဈေးများနှင့် ရပ်ကွက်များအတွင်း ယခုလို မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်သရုပ်ပြလေ့ကျင့်ခြင်းများကို အရှိန်အဟုန်မြှင့် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
သတင်း - အောင်မြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment