MNP ၊ မတ် ၃၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်းနှင့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့များပူးပေါင်း၍ သဘာဝအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မီးသတ်ဦးစီးဌာနအနေဖြင့် ပြည်သူအများ မီးဘေးလုံခြုံမှုရှိစေရေး၊ သဘာဝဘေးအန္တရာယ်နှင့် အခြားမတော်တဆမှုများ ဖြစ်လာပါက ထိခိုက်ဆုံးရှုံးမှုမရှိစေရေးနှင့် အချိန်မီရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးကို ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြတ်ကိုကိုမှ ပြောသည်။
အဆိုပါလက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် သဘာဝဘေးအန္တရာယ်များဖြစ်သော မီးဘေး၊ ငလျင်ဘေး၊ လေဘေး၊ ရေဘေး၊ မြေပြိုဘေး၊ ယာဉ်အန္တရာယ်မတော်တဆမှုများများအပြင် တခြားယာဉ်မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များတို့ကို လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသည့် ရည်မှန်းချက်(၄)ရပ်အတိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် ရပ်ကွက်ကျေးရွာများတွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များပြင်ဆင် ဖွဲ့စည်းပေးခြင်း၊ မီးကင်းထားရှိပေးခြင်း၊ နေအိမ်များတွင် မီးချိပ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်များ ပြင်ဆင်ထားရှိမှုအခြေအနေများအပြင် စက်ရုံ၊ အလုပ်ရုံများနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
ထို့အပြင် စျေးများ၊ အခြေခံပညာကျောင်းများ၊ ကျေးရွာများတွင် လက်တွေ့ မီးငြိမ်းသတ်သရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး နေ့စဉ် မီးဘေး အသိပညာပေးများကို အသံချဲ့စက်များဖြင့် ဆော်သြပေးလျက်ရှိကြောင်း သိရသည်။
တင်ဇာစိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment