ပေါင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင် အခြေခံမဲဆန္ဒရှင်စာရင်းများမှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲကျင်းပ

 


MNP - မတ်     ၁၁

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ပေါင်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြတ်သွင်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်း၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် (pilot project) တွင် ပါဝင်ဆောင်ရွက်မည့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနဝန်ကြီး ဦးမြတ်သွင်မှ အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ကာ စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၏ နောက်ဆုံး အချက်ဖြစ်တဲ့ "အရေးပေါ်ကာလ ပြဌာန်းချက် များနှင့်အညီ ဆောင်ရွက်ပြီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ စံနှုန်းများနှင့်အညီ နိုင်ငံတော်အာဏာလွှဲအပ်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒါကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလိုအပ်တဲ့ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများအနက် အခြေခံကျဆုံး ဖြစ်သည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးအတွက် ရွေးကောက်ပွဲကော်မရှင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာနများအနေနဲ့ လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို သိရှိနားလည်ရန် ယခုလိုဌာနဆိုင်ရာကိုယ်စားလှယ်များအား ဖိတ်ကြားပြသခြင်းဖြစ်ကြောင်း၊ ယခုသရုပ်ပြ အစီအစဉ်ကို အသေးစိတ် လေ့လာပြီး မိမိတို့ဌာနများ အလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေး ကြပ်မတ်ဆောင်ရွက်ရန်၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရှိနဲ့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်း လမ်းညွှန်ချက် များနှင်အညီ ပြည်နယ်အတွင်း ပြည့်စုံမှန်ကန်တဲ့ မဲဆန္ဒရှင်စာရင်းရရှိရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းဝင်းမှ ရှေ့ပြေးလုပ်ငန်းစီမံချက်နှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားပြီးနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး e-Government ဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူသင်းမှ ရှေ့ပြေးလုပ်ငန်း စီမံချက်ပါ လုပ်ငန်းအဖွဲ့များ၏ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် အဖွဲ့များခွဲ၍ စစ်ဆေးဆောင်ရွက်မှုတို့ကို သရုပ်ပြရှင်းလင်း ပြောကြားခဲ့သည်။

လုပ်ငန်းအဖွဲ့များအနေဖြင့် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စု (၅၈) အုပ်စုရှိ လူဦးရေ (၁၉၁၃၈၈) ဦးခန့်၏ အခြေခံ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေးအတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို ကွန်ပျူတာနည်းပညာအသုံးပြု၍ စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အခြေခံမဲဆန္ဒရှင်စာရင်းများ မှန်ကန်ရေး မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း ရှေ့ပြေးလုပ်ငန်းစီမံချက် (Pilot Project) လုပ်ငန်းစတင် ဆောင်ရွက်ခြင်းသရုပ်ပြအခမ်းအနားကို မွန်ပြည်နယ်အတွင်း မော်လမြိုင်ခရိုင် မော်လမြိုင်မြို့နယ်နှင့် သထုံခရိုင် ပေါင် မြို့နယ်တို့တွင် ဆောင်ရွက်ပြီးစီးပါက ကျန်မြို့နယ် (၈) မြို့နယ်၌ တစ်ပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - တင်ဇာစိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)