MNP - ဧပြီ ၄
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပရေးအတွက် ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်စိုးတင့်က သင်္ကြန်ယိမ်းအကအဖွဲ့များအား ကြိုပို့ရေးကိစ္စ၊ လုံခြုံရေးကိစ္စ၊ သင်္ကြန်ပွဲတော် အေးအေးချမ်းချမ်းပြီးမြောက်ရေး အတွက် ဖွဲ့စည်းထားသော ကော်မတီအလိုက် ပူးပေါင်းဆောင်ရွက်ရေး၊ အခက်အခဲရှိက တင်ပြပေးရန် ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းထိုက်က သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ပွဲတော် ကျင်းပရေးဆပ်ကော်မတီများ၊ သင်္ကြန်ယိမ်းအဖွဲ့များက သင်္ကြန်ပွဲတော်နှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။
ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ခရိုင်အုပ်ချုပ်ရေးမှူးက ညှိနှိုင်းပေါင်းစပ်ပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်


No comments:
Post a Comment