MNP - ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှု ဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းတို့ ပူးပေါင်းကာ ခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မတ်လ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ၊ တစ်လကြာ ဖွင့်လှစ်သည့် ရပ်ရွာအခြေပြု မိန်းမဝတ် (အခြေခံ) အပ်ချုပ်သင်တန်း၊ သင်တန်းဆင်းပွဲ အခမ်းအနားကို အဆိုပါခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကျင်းပသည်။
သင်တန်းဆင်းပွဲ၌ တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေမိုးနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်တို့က အမှာစကားများ ပြောကြားပြီး အပ်ချုပ်သင်တန်းတွင် ချုပ်ထည်များအား လက်ရာသေသပ်လှပစွာဖြင့် အပ်ချုပ်နိုင်သည့် အကောင်းဆုံး ဆုရရှိသူ သင်တန်းသူ နော်စံပယ်အား အပ်ချုပ်စက်အစုံ တစ်လုံးအား ဂုဏ်ပြုပေးအပ်ချီးမြှင့်သည်။
ယင်းသင်တန်းသို့ တောင်ငူမြို့နယ်အတွင်းမှ သင်တန်းသား သင်တန်းသူ ၂၅ ဦး တက်ရောက်ခဲ့ကြပြီး နည်းပြများက ခေါင်းစွပ်အပွအင်္ကျီ ၊ ရင်စေ့ ရှေ့ကွဲအင်္ကျီ ၊ နောက်ကွဲ ဇစ်လက်ဖောင်းအင်္ကျီ ၊ ရင်ဖုံးအင်္ကျီ ၊ ထဘီစကပ် အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့ လက်တွေ့ သင်ကြားပြမှုဖြင့် အခြေခံမှသည် အဆင့်မြင့်အထိ တတ်ကျွမ်းစွာဖြင့် ချုပ်လုပ်နိုင်ကာ သင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်သင်ကြားနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment