MNP - ဧပြီ ၁၈
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှအသုံးပြုနေသော နိုင်ငံသားကိုယ်ရေးမှတ်တမ်းများအား ယနေ့နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)ခန်းမအဆောင်များ၌ နည်းပညာအသုံးပြု၍ ရေးသွင်းလျက်ရှိကြောင်း သိရသည်။
မကြာခင်ကာလအတွင်းကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ မှန်ကန်မျှတစွာဖြင့် လွတ်လပ်သောရွေးကောက်ပွဲကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်ရေးသည် အရေးကြီးကြောင်းနှင့် မဲစာရင်းဖောင်းပွမှု၊ မပြည်စုံမှု၊ မဲစာရင်းတွင် မပါရှိမှုမဖြစ်စေရေးနှင့် မဲစာရင်းဆုံးရှုံးမှုမဖြစ်စေရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ထားဝယ်ခရိုင် အတွင်းရှိ ဌာနဆိုင်ရာ ဝန်ထမ်း(၇၂)ဦး၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ တပ်မေတာ်သားများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံး များရှိဝန်ထမ်းများ ပူးပေါင်း၍ နိုင်ငံသားကိုယ်ရေးမှတ်တမ်းများအား နည်းပညာအသုံးပြု၍ စာရင်းရေးသွင်းလျက်ကြောင်း သိရှိရသည်။
အဆိုပါစာရင်းရေးသွင်းနေမှုကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက လိုက်လံကြည်ရှု့စစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် စာရင်းဇယားများကို အချိန်တိုအတွင်း ပြီးမြောက် အောင်ဆောင်ရွက်ပေးစေလိုကြောင်း တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ စာရင်းရေးသွင်းခြင်းလုပ်ငန်းများကို မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် တစ်ပြိုင်တည်း ဆောင်ရွက်လျက်ရှိရာ တနင်္သာရီ တိုင်းဒေသကြီးအတွင်းရှိ နိုင်ငံသားကိုယ်ရေးမှတ်တမ်းများမှာ (၁၆) သိန်း(၄)သောင်း ရှိကြောင်းသိရပြီး တစ်နေ့လျှင်တစ်ဦးစာရင်း ရေးသွင်းနိုင်မှု (၂၀၀)နှုန်းဖြင့် စီစဉ်ဆောင်ရွက်ထားရှိကြောင်းသိရကာ တစ်လအတွင်းပြီးစီးအောင် ကြိုးစားဆောင်ရွက်လျက်ရှိ ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြတ်စိုးထံမှ သိရှိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment