MNP - ဧပြီ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်မှ တောင်သူများသည် ဆန်စပါးကို အဓိကထားစိုက်ပျိုးပြီး မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် အကျိုးအမြတ်များ ရနိုင်မည့် ပန်းမုံလာ၊ ကြက်သွန်၊ ငရုပ်၊ နှမ်း စသည့် သီးနှံများ စိုက်ပျိုးလျက်ရှိရာ ဥယျာဉ်ကျေးရွာတွင် ပန်းမုံလာစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
ပန်းမုံလာမျိုး (၁၀)ထုပ်စိုက်ပျိုးပါက မျိုးစေ့ကုန်ကျငွေ (၁၀)သိန်းကျပ်နှင့် မြေပြင်ခြင်း၊ စိုက်ပျိုးခြင်း၊ ရေတင်ခြင်း၊ မြေဩဇာထည့်သွင်းခြင်း၊ဆေးဖျန်းခြင်း စသည့် အထွေထွေ ကုန်စရိတ် (၁၀)သိန်းကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း (၂၀)ခန့် ကုန်ကျကြောင်းနှင့် ရောင်းချရာတွင် ပန်းမုံလာတစ်ပွင့်အား ငွေကျပ်(၃၀၀)ရောင်းချရသဖြင့် အကျိုးအမြတ် များများရရှိကြောင်း ပန်းမုံလာစိုက်ပျိုးရောင်းချသူ တောင်သူဦးဝင်းနိုင်က ပြောပြ၍ သိရသည်။
ပန်းမုံလာစိုက်ပျိုးရာတွင် ရေသွင်း/ရေထုတ်လွယ်ကူစေရန်အတွက် မြေဘောင်များပြုလုပ်၍ အပင်ဖြစ်ထွန်းမှု ကောင်းမွန်စေရန် တစ်ပင်နှင့်တစ်ပင် တစ်ပေခွဲခန့်အကွာ စိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးပြီး (၁၅)ရက်အကြာတွင် မြေဩဇာထည့်ကာ ရေသွင်းခြင်း၊ ပေါက်နှုတ်ခြင်း၊ မြေဆွခြင်းများ ပြုလုပ်ပေးရကြောင်း၊ အပင်အားဆေးများ ဖျန်းပေးခြင်းနှင့် လိုအပ်သည့်အခါ ပိုးသတ်ဆေးများ တွဲဖက်အသုံးပြုရကြောင်း၊ အပင်အသေအပျောက် မရှိစေရေး ပျိုးထောင်စိုက်ပျိုးကြောင်း ပန်းမုံလာမျိုးထုပ် (၁၀)ထုပ် စိုက်ပျိုးထားသည့် ဥယျာဉ်ကျေးရွာမှ တောင်သူ ဦးဝင်းနိုင်က ဆက်လက်ပြောပြသည်။
သတင်း - သက်မောင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment