ပွင့်ဖြူမြို့နယ်၌ နေကြာဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ (ဆောင်း) စံပြကွက် တောင်သူပညာပေး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပွင့်ဖြူမြို့နယ်၌ နေကြာဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး နေကြာသီးနှံ (ဆောင်း) စံပြကွက် တောင်သူပညာပေး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ




MNP - ဧပြီ    ၇

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်အတွင်း ဒေသခံတောင်သူများ နေကြာဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး စနစ်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်စေရန် ရည်ရွယ်ကျင်းပပြုလုပ်သည့် တောင်သူ ပညာပေး နေကြာသီးနှံ(ဆောင်း) စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာ ဒေသခံ တောင်သူ ဒေါ်အိအိကို၏ ကွင်းအမှတ်(၉၇၉)ရှိ နေကြာသီးနှ ံစံပြကွက်စိုက်ခင်းတွင် ကျင်းပသည်။

အဆိုပါ တောင်သူပညာပေး စံကွက်ရိတ်သိမ်း ကွင်းသရုပ်ပြပွဲတွင် ရှေးဦးစွာ တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်ဝင်း က ဆီထွက် သီးနှံနေကြာ(ဆောင်း) စံပြကွက်စိုက်ခင်း စံကွက်ရိတ်သိမ်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားကာ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးယဉ်ထွန်း က ပြည်တွင်းစားသုံးဆီ ဖူလုံစေရန်နှင့် တောင်သူများ၏ သီးနှံဝင်ငွေ တိုးပွားစေရေးအတွက် ဆီထွက်သီးနှံများထဲမှ နေကြာ သီးနှံအား တိုးချဲ့စိုက်ပျိုးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများ၊ တောင်သူများ အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြရန်နှင့် စိုက်နည်းစနစ် မှန်ကန်ရေး၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲစိုက်ပျိုးလုပ်ကိုင်ကြရန်စသည့် နေကြာသီးနှံ စိုက်ပျိုးရေး ဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။

ဆက်လက်၍ ပွင့်ဖြူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးခင်ဇော်ဝင်း က တောင်သူပညာပေး စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို ရှင်းလင်း ဆွေးနွေး ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဒေသခံတောင်သူများက မိမိတို့ဒေသနှင့် ကိုက်ညီသော အထွက်နှုန်း ကောင်းမွန်သည့် နေကြားသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးပြီး နေကြာသီးနှံစိုက်ပျိုးရေးဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်များကို တောင်သူများထံ လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများက  ဒေသခံတောင်သူ ဒေါ်အိအိကို ၏ နေကြာသီးနှံ စံပြကွက်စိုက်ခင်း ၆ ဒသမ ၆၀ ဧက အား တောင်သူပညာပေး စံကွက်ရိတ်သိမ်းရာ တစ်ဧက အထွက်နှုန်းပျမ်းမျှ နေကြာတင်း(အစို)  ၁၆ ဒသမ ၂၂ တင်း ထွက်ရှိခဲ့ကြောင်း သိရပြီး စံကွက်ရိတ်သိမ်းရာ၌ တက်ရောက်လာသည့် ဒေသခံတောင်သူများက စိတ်ဝင်တစ်စား လေ့လာကြည့်ရှုကာ ပြည်တွင်းစားသုံးဆီရိက္ခာ ဖူလုံစေရေးအတွက် ဒေသတွင်းနေကြာသီးနှံ တိုးချဲ့ စိုက်ပျိုးသွားနိုင်ရေး လိုအပ်သည်များကို အကြံပြုဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)