အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီသစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပတ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အိမ်မဲမြို့နယ်တွင် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီသစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပတ်ပွဲကျင်းပ

 


MNP - ဧပြီ   ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ကန်ကြီးဒေါင့်ကျေးရွာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၂-၂၀၂၃ မိုးစပါးရာသီသစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပတ်ပွဲကို တောင်သူဦးနိုင်နိုင်ထွန်း၏ ကွင်းအမှတ် ၅၀ခ၊ ဦးပိုင်အမှတ် ၂/၇၊ ၃/၃ ရှိလယ်မြေ (၁၀)ဧကတွင် ယနေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လယ်ယာစိုက်ပျိုးမြေများတွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်စိုက်ပျိုးခြင်းဖြင့် အချိန်တိုကာလအတွင်း သစ်စိမ်းမြေသြဇာ၊ ဇီဝမြေသြဇာနှင့်သစ်ဆွေးဓာတ်များ ရရှိနိုင်၍ လယ်ယာမြေအတွင်းရှိ ပေါင်းပင်များကို နှိမ်နင်းနိုင်ပြီး အကျိုးပြု အနုဇီဝပိုးများ၊ မြေဆီလွှာအတွင်းရှိ အကျိုးပြုသက်ရှိများကိုလည်း အသက်ရှင် တိုးပွား စေနိုင်ကြောင်း၊  ပိုက်ဆံလျှော် သီးနှံစိုက်ပျိူးရာတွင် ရာသီဥတုအခြေအနေပေးပါက တစ်ဧကလျင် သစ်စိမ်းမြေသြဇာ (၅)တန်မှ (၇)တန်အထိ ရရှိနိုင်ပြီး ပုလဲဓာတ်မြေသြဇာ(၂)အိတ်နှင့် ညီမျှသော နိုက်ထရိုဂျင်ဓာတ်များ ရရှိနိုင်ကြောင်း၊ဓာတ်မြေသြဇာသုံးစွဲမှုအား လျှော့ချနိုင်ပြီး သဘာဝ ပတ်ဝန်းကျင်ရှိ မြေဆီလွှာနှင့်ရေတို့ကို ဓာတုအဆိပ်သင့်မှု လျော့နည်းစေကာ မြေဆီလွှာ၏ ချဉ်ငံဓာတ် ကိုလည်း ထိန်းညှိပေးသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းနှင့် ပိုက်ဆံလျှော်သီးနှံ စိုက်ပျိုးခြင်း အကျိုးကျေးဇူးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဦးစီးမှူး ဦးတင်မောင်ဦးက တောင်သူများအား အသိပညာပေးပြောကြား၍ ပိုက်ဆံလျှော် ကြဲပက်စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်ကြဲပက်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခိုင်ထွန်းဇော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြို့နယ် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ ကွင်းတာဝန်ခံများ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - ချစ်သက်လယ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)