MNP ၊ ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် ဌာဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နေ့လည်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်ကျော်က ဂွမြို့နယ်တွင် မေလ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ ပါဠိပထမပြန် စာမေးပွဲ ကျင်းပသွားနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို မြို့ပေါ်ရပ်ကွက်များသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးသွားမည့် အစီအစဉ်များ၊ လူဦးရေစာရင်းပုံစံ (၆၆/၆) ကောက်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြို့ပေါ်ရပ်ကွက်များသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို အိမ်တိုင်ရာရောက် ကောက်သင်းကောက် စနစ်ဖြင့် ထိုးနှံပေးသွားမည့်အခြေအနေများ၊ ရာနှုန်းပြည့် ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပြီးစီးရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၂၂- ၂၀၂၃ဘဏ္ဍာရေးနှစ် ဌာနအလိုက် ဆောင်ရွက်နေသည့် တည်ဆောက်ရေးလုပ်ငန်း အခြေအနေတို့ကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သို့ တင်ပြဆောင်ရွက်သွားရေး တို့ကိုရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မြို့နယ် ဌာဆိုင်ရာများက မိမိတို့၏ သက်ဆိုင်ရာ ဌာနလုပ်ငန်းအခြေအနေများကိုလည်းကောင်း၊မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဧပြီလအတွင်း Mobile Teamဖြင့် ကွင်းဆင်း၍ ကာကွယ်ဆေးများ ထိုးနှံဆောင်ရွက် ပေးသွားမည့် အခြေအနေများကို လည်းကောင်း၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးများက ၎င်းတို့၏ သက်ဆိုင်ရာ ကဏ္ဍများအလိုက် သိရှိလိုသည့် အခြေအနေများကို ဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်း - ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost

No comments:
Post a Comment