မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့က ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ပရင်တာများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့က ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ပရင်တာများ လှူဒါန်း


MNP ၊ ဧပြီ ၁၉

မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေးဗဟိုအသင်းနှင့် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (China Foundation for Peace and Development) တို့ ပူးပေါင်း၍ ပြည်သူ့စာကြည့်တိုက်များသို့ ကွန်ပျူတာနှင့်ပရင်တာများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။

လှူဒါန်းပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ မြန်မာ-တရုတ် ပူးပေါင်းကူညီ ဆက်ဆံရေးဗဟိုအသင်းမှ တာဝန်ရှိသူများ၊ တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၁၃ ခုနှစ်မှစ၍ ယနေ့အထိ တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၁၈ခု ဖွင့်လှစ်ထားရှိပြီး အစည်းအဝေးခန်းမ၊ သင်တန်းခန်းမ၊ ဘက်စုံသုံး ခန်းမ၊ ကွန်ပျူတာခန်း၊ ပြည်သူ့စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ ပြတိုက်ငယ်၊ အားကစား လေ့ကျင့်ရေးခန်းမတို့ ပါဝင်ကာ ပြည်သူများအသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး အခမဲ့အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးထားပါကြောင်း၊ ဖွင့်လှစ်ပြီးဖြစ်သည့် လူထုအခြေပြုဗဟိုဌာန ၁၈ ခု အပါအဝင် ခရိုင်၊ မြို့နယ်၊ မြို့ရုံးအားလုံးတွင် ပြပွဲ၊ ပြိုင်ပွဲများ၊ အစည်းအဝေး၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ သင်တန်းများ အခမဲ့ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ ထို့ပြင် စာကြည့်တိုက် လှုပ်ရှားမှုများ၊ ပြတိုက်ငယ် ပြင်ဆင်ထားရှိခြင်းများ၊ ကလေးစာဖတ်ခန်း လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ခရိုင်၊ မြို့နယ်နှင့်မြို့ရုံးများတွင် ဖွင့်လှစ်ထားရှိသော ပြည်သူ့စာကြည့်တိုက်များတွင် သမားရိုးကျစနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော စာအုပ်စာစောင်များ မှတ်ပုံတင်ခြင်း၊ ကတ်တလောက်ရေးဆွဲခြင်း၊ ငှားရမ်းခြင်းလုပ်ငန်းများကို ပြောင်းလဲတိုးတက်လာသည့် နည်းပညာများနှင့်အညီ Digital Library စနစ် အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် e-Library Management System Software ကို ရေးဆွဲဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ဌာနက ထုတ်ပေးမည့် ကွန်ပျူတာများနှင့် ယခုလှူဒါန်း လက်ခံရရှိသည့် ကွန်ပျူတာများဖြင့် Digital Library စနစ် ဆောင်ရွက်မည့် ရုံးများရှိ စာကြည့်တိုက်မှူးများအား e-Library Management System Software အသုံးပြုနည်း သင်တန်းပို့ချပေးနိုင်ရေးကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ Web Browser တွင် www.publiclibrary.gov.mm Domain အမည်အားရရှိထားပြီး ဖြစ်သည့်အပြင် Web Hosting Service ကိုလည်း ရယူထားပြီး ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ် မေလမှစတင်၍ စာကြည့်တိုက် လုပ်ငန်းများကို Digital Library စနစ်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ယခုကဲ့သို့ ကွန်ပျူတာနှင့် ပရင်တာများ လှူဒါန်းပေးခြင်းသည် ဌာနအနေဖြင့် Digital Library စနစ်သို့ ပြောင်းလဲရေး အစီအစဉ် ဆောင်ရွက်နေခြင်းကို များစွာအထောက်အကူပြုသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ-တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟို အသင်းဥက္ကဋ္ဌ ဒေါ်ခင်ခင်လေးက လှူဒါန်းရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် တရုတ်နိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး မစ္စတာ ရွှီးကျန့်ဂေါ်က Video Confrence ဖြင့် အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးထံ မြန်မာ - တရုတ် ပူးပေါင်းကူညီဆက်ဆံရေး ဗဟိုအသင်းမှ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးသစ္စာနှင့် တာဝန်ရှိသူများက ပြည်သူ့စာကြည့်တိုက်များအတွက် ကွန်ပျူတာနှင့် ကာလာပရင်တာ ၃၅ စုံကို ပေးအပ် လှူဒါန်းပြီး ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ကျေးဇူးတင်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လူထုအခြေပြုဗဟိုဌာန (ဗဟန်း)ရှိ ကွန်ပျူတာခန်း၊ စားပွဲတင်တင်းနစ်အားကစားကွင်း၊ စာကြည့်တိုက်၊ ကလေးစာဖတ်ခန်း၊ အားကစားခန်းမနှင့် ပြတိုက်ငယ်တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)