MNP ၊ ဧပြီ ၁၇
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင်မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နှစ်ဆန်း(၁)ရက်နေ့၌ ပေါက်တောမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှုအသင်းမှကြီးမှူး၍ တတိယအကြိမ်မြောက် သက်ကြီးပူဇော်ပွဲကို ယနေ့ညနေ (၄)နာရီအချိန်က နာရေးကူညီမှုအသင်းရုံး၊ ခြံဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါမြို့လုံးကျွတ် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ အပူဇော်ခံ သက်ကြီးအဘိုး/အဘွားများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊မြို့နယ်ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်ကလေးအဖွဲ့ဝင်များ၊ မြို့နယ်လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်(၅)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊ မြို့ဖိ၊မြို့ဖများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ စေတနာရှင် အလှူရှင်များတက်ရောက်ခဲ့ကြသည်။ ရှေးဦးစွာမြို့နယ်လုံးဆိုင်ရာနာရေးကူညီမှုအသင်းမှ ကော်မတီဝင်တစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ဂါရဝစကားပြောကြားပြီးနောက် မြို့ပေါ်(၅)ရပ်ကွက်မှ အဘိုး/အဘွားတို့အား စေတနာရှင်များမှလှူဒါန်းသည့် လှူဒါန်းငွေများနှင့် ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြပြီး၊ မတက်ရောက်နိုင်သောအဘိုး/အဘွားများအတွက်လည်း အိမ်တိုင်ရာရောက် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
ပေါက်တောမြို့တွင် အသက်(၉၀)နှစ်နှင့်အထက် အဘိုး/အဘွား(၁၀)ဦးတို့အား တစ်ဦးလျှင်ကန်တော့ငွေ(၄၀၀၀၀)ကျပ်နှင့် အသက်(၈၅)နှစ်မှ (၈၉)နှစ်အကြား အဘိုး/အဘွား(၅၇)ဦးတို့အား တစ်ဦးလျှင် ကန်တော့ငွေ (၃၀၀၀၀)ကျပ်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး၊ တက်ရောက်လာကြသူများမှ သက်ကြီးဘိုးဘွားများအား ကန်တော့ချိုးရွတ်ဆို၍ ကန်တော့ခဲ့ကြရာ သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းမေတ္တာပို့သခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စီရံတိဌာတု(၃)ကြိမ်ရွတ်ဆိုကာ ရုတ်သိမ်းခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment