MNP - ဧပြီ ၄
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ညွှန်ကြားရေးမှူးရုံးနှင့် အသေးစားစက်မှုလက်မှုဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(စစ်တွေ)တို့ ပူးပေါင်းဖွင့်လှစ်သော အဆင့်မြင့်စက်ချုပ်နှင့် ရိုးရာဖက်ရှင် ဒီဇိုင်းသင်တန်း ဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနရုံး၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသူများတက် ရောက်ကြသည်။
သင်တန်းဆင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်းက ရခိုင်ပြည်နယ်တွင် ရခိုင်၊ မြို၊ သက်၊ ခမီ၊ ဒိုင်းနက်၊ ကမန်၊ မရမာကြီး စသည့် မျိုးနွယ်စု(၇)မျိုးအပြင် ချင်းတိုင်းရင်းသားများနှင့်လည်း အတူတကွနေထိုင်ကြသည့် ပြည်နယ်တစ်ခုဖြစ်ပါကြောင်း၊ တိုင်းရင်းသားများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်သည့် အစီအစဉ်ကို နှစ်စဉ်မြို့နယ်များတွင် ကျင်းပပြီး စစ်တမ်းများကို ကောက်ယူခဲ့ပါကြောင်း၊ စစ်တမ်းရလာဒ်များအရ ဦးစားပေးအလိုက် ကွန်ပျူတာသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အဆင့်မြင့် စက်ချုပ်သင်တန်းများ ကိုလည်းကောင်း၊ နှစ်စဉ်သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သည့် အခြေခံမော်တော်ယာဉ်စက်ပြင်၊ လျှစ်စစ်၊ ဂဟေနှင့် လက်ကိုင်ဖုန်းပြုပြင်နည်း၊ စက်ပြင်၊ လျှပ်စစ်ရေခဲသေတ္တာ၊ အဲယားကွန်းပြုပြင်သင်တန်း၊ တိုင်းရင်းသားရိုးရာ ဂျက်ခုတ်ရက်ကန်းသင်တန်း၊ လက်ရက်ကန်း (၆)လသင်တန်း၊ ချည်မျှင်နှင့် အထည်အလိပ်ကျွမ်းကျင်သူ(၁)နှစ်သင်တန်းများသို့ တိုင်းရင်းသားလူငယ်များကို တက်ရောက်စေခဲ့ပါကြောင်း၊ တိုင်းရင်းသားဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံ တိုင်းရင်းသားတို့၏ တင်ပြချက်များ ကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ တိုင်းရင်းသား သင်တန်းသူများအနေဖြင့် သင်တန်းကရရှိသော အတတ်ပညာများ၊ ဗဟုသုတများကို အသုံးချ၍ မိမိတို့လုပ်ငန်းခွင်တွင် ပိုမိုကောင်းမွန်ပြီး အရည်အသွေးပြည့်မီသော ထုတ်ကုန်များ၊ ဒီဇိုင်းလှပသော ရိုးရာအထည်များချုပ်လုပ်ကာ အလုပ်အကိုအခွင့်အလမ်းများရရှိကြပြီး ဒေသတွင်းလူမှုစီးပွားဘဝကို မြှင့်တင်နိုင်ကြသော လုပ်ငန်းရှင်များ ဖြစ်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးတင်လှက အမှာစကားပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးတို့က သင်တန်း ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးက သင်တန်းဆင်းလက်မှတ်များအား လည်းကောင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ညွှန်ကြား ရေးမှူးက သင်တန်းသူများ ချုပ်လုပ်ထားသည့် အထည်များကိုလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းမှ ဦးစီးမှူးက သင်တန်းသူများအား မော်တာပါ အပ်ချုပ်စက် တစ်လုံးစီအား လည်းကောင်း ပေးအပ်ကြရာ သင်တန်းသူများက လက်ခံရယူကြပြီး သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
အဆိုပါသင်တန်းသို့ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြကြီး ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်း ကျောင်း(စစ်တွေ)မှ သင်တန်းဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment