MNP - ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၁၀/၂၀၂၂)ကို ယမန်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိမှု လျော့နည်းသွားသော်လည်း ကျန်းမာရေးအသိဖြင့် လုပ်ကိုင်သွားလာ နေထိုင်ကြရမည် ဖြစ်ပါကြောင်း၊ ရောဂါပိုးကူးစက်ဖြစ်ပွားမှုနှင့် သေဆုံးမှုနှုန်း လျော့ချနိုင်ရေး အတွက် အဓိက ကာကွယ်ပေးမှုမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး လူတိုင်းစေ့ ထိုးနှံပြီးစီးရန် အရေးကြီးပါကြောင်း၊ တိုင်းဒေသကြီးတစ်ခုလုံး၏ ဆေးထိုးနှံပြီးစီးမှုမှာ အခြား တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် များစွာလျော့နည်းနေသေးပါ၍ လူတိုင်းစေ့ ဆေးထိုး ပြီးစီးရေးတို့ကို တာဝန်ရှိသူအားလုံးမှ အလေးအနက်ထားခံယူကာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးကြီးနေပြီဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုအား အခြေချထိုးနှံခြင်း၊ ရွှေ့လျားထိုးနှံခြင်းနှင့် ကျေးရွာများအထိပါ ကွင်းဆင်းထိုးနှံခြင်းများကို အရှိန်မြှင့်၍ သက်မှတ်ကာလတွင် လျာထားရည်မှန်းချက် ပြည့်မီအောင် ကြိုးပမ်း ဆောင်ရွက် သွားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောဂါပိုး စစ်ဆေးတွေ့ရှိမှု ဆေးရုံတက်ရောက် ကုသမှုနှင့် ဆေးရုံဆင်းမှု၊ သတ်မှတ်လျာထားချက် ပြည့်မီအောင် ကာကွယ်ဆေးထိုးနှံမှုအခြေအနေများ၊ အောက်ဆီဂျင်ထုတ်လုပ်သုံးစွဲမှု၊ မြို့ဝင်မြို့ထွက် နေရာများတွင် ကျန်းမာရေးစစ်ဆေးရေး စခန်းများ ချထား၍ စစ်ဆေးဆောင်ရွက်နေမှု၊ လုံခြုံရေး ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ပတ်သက်၍ အသီးသီး အကြံပြုဆွေးနွေး တင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ကူးစက်မှုလျော့ချရေး လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြချက်များ အပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment