၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၀) မြန်မာသံတော်ဆင့် အယ်ဒီတာ့အာဘော်လိုပင် ယနေ့ပြည်သူတို့မှာ နောက်ကျောမလုံ၍ အစိုးရမင်းကိုလည်း အားကိုးမရ။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကိုသာ အားကိုး အကာအကွယ်ပြု ဆည်းကပ်နေရသည်။ နောက်ကျောမလုံသူများထဲတွင် တပည့်လူငယ်တို့ အကျိုးအတွက် စာပေပညာသင်ကြားပေးနေသည့် ဆရာ၊ ဆရာမတို့ကား ရှေ့ဆုံးမှ ဖြစ်သည်။ ပညာသင်ယူသူ တပည့်တို့မှာလည်း မျက်စိသူငယ် နားသူငယ်ဘဝ။
နိုင်ငံနှင့် လူမျိုးအတွက် ဟု စကားကြီး စကားကျယ် မဆိုဘဲ ဘဝဝမ်းရေးအတွက် ကျောင်းဆရာအလုပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြု ဆရာ၊ ဆရာမတို့ကို ဒလန်ဟုစွပ်စွဲ ပစ်မှတ်ထား သတ်ဖြတ်ခံနေရသည်။ လုပ်ကြံသတ်ဖြတ်သူတို့ကား ၂၁ရာစု အဇာတသတ်များ။ သူတို့ကို ခေတ်သစ် အဇာတသတ်ဖြစ်သွားအောင် ဒေဝဒတ်လို နိုင်ငံရေးသမားတွေက ဖန်တီးထားခြင်းဖြစ်သည်။ ကံဆိုးရသည်က ဖြူစင်မွန်မြတ်သည့် စာပေသင်ကြားသောအလုပ်ကို ဖက်တွယ်မိသော ဆရာ၊ ဆရာမများ။ ၂၀၂၁ ခုနှစ်ထဲက ကိုယ့်မြို့မှာပင် ဆရာ၊ ဆရာမ (၃)ဦး အိမ်ကို လက်လုပ်ဗုံးဖြင့် အပစ်ခံရသည်။ ပညာရေးမှူးရုံးမှ ဆရာတစ်ဦး အသတ်ခံရသည်။ ထိုဆရာသည် နိုင်ငံရေး အရောင်အသွေးကင်းသူ၊ ပေးအပ်တာဝန် ကျေပွန်သူ။ လုပ်ဖော်ကိုင်ဖက်ချင်းအပေါ် အနွံတာခံသူ။ ကိုယ့်အောက်ဝန်ထမ်းကို ကိုယ်ချင်းစာ ညှာတာတတ်သူ။ သဘောကောင်းပြီး သဘောထား ပြည့်ဝသူ။ TEO ရုံးမှာ ကျွန်တော့်ညီနှင့်အတူ တာဝန်ထမ်းနေသူ။ ကျွန်တော့်ညီထက်ပင် ငယ်၍ ကျွန်တော့်ကို အကိုဆရာကြီးဟု ခေါ်သည်။ ကိုဗစ်-၁၉ ကာလ အစမှာ ကျွန်တော်တို့အတွက် ဓာတ်ဗူး၊ ရေနွေးတည်အိုး၊ ထမင်းပေါင်းအိုး စသည်တို့ကို ဝယ်ထားပေးခဲ့ရာ ထိုပစ္စည်းတို့ကို နေ့စဉ်သုံးနေရသော ကျွန်တော် နေ့စဉ်ပင် သူ့ကို သတိရနေပြီး ရင်ထဲ စို့နင့်နေရပါသည်။ ကျွန်တော်ကို စိုးရိမ်လွန်း၍ (သွား သတိ၊ စား သတိ)နော် ဟု သတိပေးခဲ့သည့် ဆရာကိုခင်မောင်ဆန်း (၁-၁၁-၂၀၂၁) သူ့ရွာအပြန်မှာ လုပ်ကြံခံရသည်။
သည့်နောက်တော့ ကျွန်တော့်ညီ အပါအဝင် TEO ဆရာတို့ သက်ဆိုင်ရာ ရွာများသို့သွား၍ ကျောင်းသားစာရင်း မကောက်ရဲတော့။ ကျောင်းမစစ်ရဲတော့။ မူ-လယ်-ထက် ကျောင်းအုပ်အများစုလည်း ကိုယ့်ရွာကျောင်း မသွားရဲတော့။
၇-၃-၂၀၂၂ ရက်နေ့က ဆယ်တန်းကလေး (၁၀)ဦးကို စာသင်နေကြောင်း သိသော ညီအရွယ် ထက်အုပ် ဆရာကြီး ရောက်လာပြီး သူ့ကလေး (၅)ဦး ကို အပ်သည်။ သူ တာဝန်ကျရွာမှ အုပ်ချုပ်ရေးမှူး လုပ်ကြံခံရသလို ၁၀တန်း ၅ဦး၊ ၉တန်း ၂ဦး၊ ၈တန်း ၇ဦး စသဖြင့် စုစုပေါင်းမှ ၅၀ဦးသာ တက်နေရသော သူ့ကျောင်းကိုလည်း ခြိမ်းခြောက်စာပို့၍ သူအပါအဝင် ဆရာမတို့ ကျောင်းမတက်ရဲတော့။ ၁၀တန်း အစမ်းစာမေးပွဲပင် ဘာသာစုံပြီးအောင် မဖြေတော့ဘဲ ကျောင်းပိတ်လိုက်ရသည်။ ၁၀ တန်း ကလေးတွေမို့ မြို့ပေါ်ခေါ်လာပြီး (အကို မကူရင် ဘယ်သူမှ မကူညီဘူး) ဆိုကာ ဆရာဝတ္တရား သင့်ရာအပ်ပို့ ပီပီ ကျွန်တော်ထံ အပ်သည်။
ကျွန်တော် ကိုယ်တိုင်လည်း ကြောက်ကြောက်နှင့် စာသင်နေရသူ။ ဤတွင် ကျွန်တော်စာသင်နေရပုံပြောမှ ဇာတ်ရည်လည်ပါမည်။ နတ်မောက်မှာ အောက်တိုဘာလ နောက်ဆုံးပတ်မှာ ကျောင်းအပ်လက်ခံသည်။ တပြည်လုံး ကျောင်းအပ်နောက်ကျ၍ နိုဝင်ဘာ ၃၀ ရက် နောက်ဆုံး သတ်မှတ်သည်။ မြို့ပေါ် မူ-လယ်-ထက် တို့ ကျောင်းအပ်ဦးရေက ယခင် နေခဲ့သည့် ဦးရေ၏ ၁၀% မျှသာ။ နတ်မောက်မှာ မူ-လယ်-ထက် ကျောင်းပေါင်း ၂၁၂ကျောင်း ရှိရာ နယ် (၃)ကျောင်းသာ ယခင်ဦးရေနီးပါး ပြန်တက်သည်။ ကျောင်းပေါင်း ၂၀၀ကျော်က အမည်ခံ ကျောင်းဖွင့်ထားခြင်း။
၅-၁-၂၀၂၂ တွင် ဆယ်တန်းကလေး (၁၀)ဦးကို စာသင်ပေးပါသည်။ တစ်ဦးမှာ ကျွန်တော့်အကို မြေးမ။ ထိုမြေးမ ၁၀တန်း အပ်ခွင့်ရပုံကို ပြောပါရစေဦး။ ကျွန်တော့်အကိုနှင့် မရီး က ၂၀၂၁ခုနှစ် မတ်လတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေ ထိုးပေးတော့ နိုင်ငံရေးသမားတွေစကား နားယောင်ကာ န.စ.က ကို မယုံ၍ ဆေးမထိုး။ မြေးတွေကို ကျောင်းအပ်ဖို့ ပြောတော့ မအပ်ကြ။ ၂၀၂၁ ခုနှစ် နိုဝင်ဘာ လကုန်ပိုင်းမှာ အကိုကော မရီးပါ ကိုဗစ်ဖြစ်ပြီး မရီးတော် ဆုံးပါသည်။ အကိုလည်း သေကောင်ပေါင်းလဲဖြစ်ရာ တူ၊ တူမတွေကို စောင့်ရှောက်ရသည်။ သည်မှာ ၁၀တန်း မြေးမကို နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကျောင်းအပ်ပေးခဲ့သည်။ အကို ဆေးရုံမှ ဆင်းလာသောအခါ သူ့မြေးမ ကျောင်းအပ်ပေးခဲ့သော ကျွန်တော့်ကို ဘာမှ မပြောတော့။ မြေးမနေသည့် မြို့ပေါ်က အ.ထ.က တွင် ဆယ်တန်း ကျောင်းသား (၈)ဦး၊ ကျောင်းသူ (၃)ဦး။ ၉တန်း ကျောင်းသား (၃)ဦး။ ၈တန်းမှာ ၈ ဦး၊ ၇တန်းမှာ ၁၀ဦး၊ ကျန် အတန်းများလည်း လက်နှစ်ဖက်မပြည့်။ ဒုတိယတစ်ဦးမှာ ကွယ်လွန်သူ သူငယ်ချင်း ကျောင်းဆရာ၏ မြေး။ တတိယတစ်ဦးက ကျွန်တော် ၆တန်းတုန်းက ဆရာကြီး၏ မြေးမ။
လိုရင်းဆိုရလျှင် စာသင်သူ ၁၀ဦးထဲမှ ၅ဦးကိုသာ အခကြေးငွေယူသည်။ စာသင်ပေးဖို့ ပူဆာသူတွေက လွန်ခဲ့သည့် နှစ် ၂၀ကျော်က တပည့်တွေ။ ကျောင်းမှာ ဆရာ မပြည့်စုံ၍ လာအပ်ကြခြင်းဖြစ်သည်။ ယူသည့် အခကြေးငွေက စာသင်ချိန် ၃လအတွက် ဘာသာစုံမှ လေးသောင်း။ ၅ဦး ထပ်တိုးသည်။ သူတို့က အိမ်မှာ နေကြရာ နေစရိတ်၊ စာသင်စရိတ် တလတာ ၂သောင်းသာ ယူသည်။ ဤတွင် ကျွန်တော်၏ ပညာဒါနကို ကြွးဝါသိဒ္ဓိအမွမ်းတင်နေသည်ဟု အတွေးမမှားစေချင်ပါ။
ယနေ့ အချိန်အခါကာလ၌ နိုင်ငံတဝှမ်းက ဆရာ၊ ဆရာမ၊ တပည့်တို့ ဒုက္ခကို တာဝန်ရှိသူတို့အား အသိပေးလို၍ တင်ပြရခြင်းဖြစ်သည်။ ကျွန်တော်သည် နီနီရဲရဲ ငွေကြေးရှိသူတို့၏ သားသမီး (၇)ဦးကို ၂၀၂၁ခုနှစ် ဇူလိုင်လအထိ ထိုက်တန်သည့် အခကြေးငွေယူ၍ စာသင်ပေးခဲ့သည်။ သူတို့သည် မြို့ပေါ်မှာ ကျောင်းမအပ်။ ကိုယ်ပိုင်ကျောင်းနေသူများ။ အသံလွှင့်သည်က အစိုးရကျောင်းမထားဟုဖြစ်ရာ ကျွန်တော့်အကိုနှင့် မရီးလို ငွေကော အသိကော ဆင်းရဲသူများက ကိုယ့်သားသမီး မြေးကို မထားကြ။ သိ၍ ပြောတော့လည်း လက်မခံကြ။ ထိုစဉ်က ကျွန်တော် ပညာသင်နေသော ၁၀ဦးသည် ရောဂါအခြေအနေ၊ နိုင်ငံရေးအခြေအနေတို့ကြောင့် ယောင် ၆၀ ဖြစ်နေသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာ လဝက်လောက် ရောက်မှ တိုးတိုးတိတ်တိတ် ကျောင်းအပ်သည်။ နတ်မောက်တွင် နိုဝင်ဘာမှ ယခု မတ်အထိ ကျောင်းတက်ရာတွင် ဆရာရော တပည့်ပါ အဖြူအစိမ်းဝတ် မတတ်ရဲကြ။ ယခုတော့ ၄-၈ နှင့် ကျောင်းစစ်တွေ ပြီးသွားပြီ။ ၁၀တန်း ဝတ်ကျေတန်းကျေ စာမေးပွဲတွေ ပြီးကာ သင်ရိုးမကုန်သေးတာတွေ သင်ပေးနေရသည်။ နတ်မောက်တမြို့နယ်လုံး ယခင်က ဆယ်တန်းဖြေသူ ၃၀၀၀ကျော် ရှိရာ ယခု ၂၀၂၂ တွင် ၅၆၇ဦး ဖြေမည်ဖြစ်၍ ၂၀% ဖြေမည်။ တပြည်လုံးလည်း ၂၀% လောက်ပင် ဖြေနိုင်မည်။ နယ်မြေဒေသတခုချင်းတော့ ကွာခြားမည်။ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ စသည် မန္တလေး တိုင်းမြို့တချို့က အစိုးရကျောင်းရော၊ ကိုယ်ပိုင်ကျောင်းတွေပါ အင်ပြည့်အားပြည့် တက်သည်ဟု ရမည်းသင်းက တပည့် ကျောင်းအုပ်က ဖုန်းဆက်ပြောသည်။
၃-၂-၂၀၂၂ ရက်နေ့က ပြည်၊ သဲကုန်းမြို့များသို့ ရောက်ရာ အဖြူအစိမ်းနှင့် ပျော်ပျော်ရွှင်ရွှင် ကျောင်းတက်ကြသည့် ဆရာ၊ တပည့်တွေကို မြင်ရတော့ ဝမ်းသာအားရဖြစ်မိသလို ကိုယ့်ဇာတိ ကိုယ့်မြို့နှင့် နယ်တွေမှာ ဆရာ တပည့် ဘဝက ကျီးကန်း တောင်းမှောက် ထိပ်ထိပ်ပျာပျာ တက်ရသည့် ဘဝ မြင်ရ၍ ဝမ်းနည်းရသည်။ နတ်မောက်မှာပင် ရွာတော်ရွာ ကတော့ အမည်နှင့်လိုက်အောင် တော်သည်။ ရွာသစ်ရွာသူ ရွာသားတွေကလည်း ပညာကိုချစ်မြတ်နိုး၍ ကျောင်းကို မပစ်ပယ်ပုံကလည်း ဂုဏ်ယူစရာ။ ကျောက်တန်းရွာကတော့ (မကြောက်တန်း)ရွာဟုပင် အမည်ပေးရမည်။ သည်သုံးရွာက မိခင်တွေကိုယ်တိုင် ဆရာနှင့် တပည့်သားတို့ကို စောင့်ရှောက်ပြီး နတ်မောက်မြို့နယ်မှာ ကျောင်းတက်နှုန်း အများဆုံးဖြစ်သည်။ သို့သော် တပြည်လုံးခြုံတော့ ကျောင်းတက်နှုန်း မကောင်းပါ။
၂၀၂၁-၂၀၂၂ စာသင်နှစ်သည် ၂၀၂၁ နိုဝင်ဘာမှ ၂၀၂၂ မတ်လ အထိ ၅လတာ ဆိုသော်လည်း နိုဝင်ဘာ ၃၀အထိက ကျောင်းအပ်ကာလဖြစ်ရာ စာသင်ကြားကာလ ၃လသာသာ မျှသာ။ ၇-၂-၂၀၂၂ ရက်နေ့က ၁၀တန်းကျောင်းသား ၅ဦးတို့ ရွာဆိုလျှင် ၃လပင် မပြည့်။ တနိုင်ငံလုံး အနည်းဆုံး ကျောင်းပေါင်း ၇၀ ရာခိုင်နှုန်းသည် အချိန်တိုလေးအတွင်းမှာ ကျီးလန့်စာစား၊ အထိတ်ထိတ် အလန့်လန့်မို့ သင်ကြားသင်ယူမှုက ပြည့်ပြည့်ဝဝမရှိ။ သို့သော် စာတစ်လုံးသိသိ၊ နှစ်လုံးသိသိ၊ သုံးလုံးသိသိ စာတစ်ကြောင်းတတ်တတ်၊ စာနှစ်ကြောင်းတတ်တတ် သိသလောက် တတ်သလောက်သည် အမြတ်။ မသိ မတတ် လုံးလုံးကြီးဖြစ်သွားသူတွေက သင်ယူခွင့်မရရှာသည့် ကလေး လူငယ်တွေ။
သူတို့လေးတွေ သင်ယူခွင့်ဆုံးရှုံးရခြင်းက ဒေဝဒတ်လို အကြံပက်စပ်သော နိုင်ငံရေးလုပ်စား၊ ယုတ်မာသူတွေကြောင့် ဖြစ်သည်။ ထိုလူယုတ်မာတွေက ခေတ်သစ် အဇာတသတ်ကို မွေးထုတ်ခဲ့သလို ကျွန်တော်အကိုနှင့် မရီးလို တလွဲဆံပင်ကောင်း၊ အသိမြောင်းထဲရောက် မိဘများကိုလည်း ဖန်တီးခဲ့ကြ၍ ကျောင်းသား စာသင်ချင်သော ကလေးတို့ စာသင်ခန်းထဲ မရောက်ကြရခြင်းဖြစ်သည်။
ရမည်းသင်းမှ တပည့် ဆရာက (သူတို့ဆယ်တန်းအောင်တာ၊ မအောင်တာ အပထား။ စာသင်ခန်းထဲရောက်လာတာကို ဝမ်းသာမိတယ်ဆရာ။ ရောဂါကြောင့်၊ နိုင်ငံရေးကြောင့် စာမသင်ရတော့ ကလေးတွေ ရိုင်းသွားသလို ဟိုစိတ် ဒီစိတ်ဝင်၊ အိမ်ထောင်တွေကျ၊ လမ်းဘေးရောက်တာတွေနဲ့စာရင် စာလာသင်ကြတာ ဝမ်းသာမိတယ်) ဟု ပြောသည်။ ကျွန်တော်ကတော့ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်တာ မအောင်တာ အပထားဆိုသော သူ့စကားထက် တက္ကသိုလ်ဝင်တန်းကို အအောင်ပေးကို ပေးရမည်ဟု ဆိုပါမည်။ ကျွန်တော်သာ ပညာရေးမှာ တာဝန်အရှိဆုံး အကြီးအကဲသာ ဖြစ်ရလျှင် ယခု တက္ကသိုလ်ဝင်တန်း ဖြေသူအားလုံးကို အောက်ကအတန်းတွေကဲ့သို့ပင် အအောင်ပေးရမည်။ အအောင်ပေးထိုက်သည်မို့ အအောင်ပေးခြင်းဖြစ်သည်။ ကျောင်းတက်လျှင် သတ်မည်၊ ဖြတ်မည်ဟု ခြိမ်းခြောက်ရုံမက လက်တွေ့ သတ်ဖြတ်နေသော ကြားထဲက အစွန်းရောက်သူတို့ ရန်ကို ကြောက်ကြောက်နှင့် ပညာသင်ကြားပေးခဲ့သော ဆရာနှင့် သင်ယူသူ တပည့်တို့ ကျောင်းသို့လာနေရခြင်းသည် ဓားသွားထက်ထက်ပေါ် လျှောက်လှမ်းနေရရှာသူများ ဖြစ်သည်။ သို့အတွက်ကြောင့် အအောင်ပေးထိုက်သည်။
အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်းအရ စာမေးပွဲစနစ်မရှိတော့ဟု လူကြားကောင်းအောင် ပြောခဲ့ငြား ၁၉၆၅မှ ၂၀၁၉ အထိ တက္ကသိုလ်ဝင်ခွင့်ကို စာမေးပွဲစနစ်ထားကာ အမှတ်စနစ်ဖြင့် တက္ကသိုလ်ကို ဝင်ခွင့်ပေးနေသောကြောင့် ၂၀၂၀ အထိ တက္ကသိုလ်ဝင်ခွင့်စနစ်က ငွေရှိ၊ ပညာရှိ၊ အာဏာရှိ ရှိသုံးရှိ လူတန်းစားအတွက် ပညာရေးစနစ်ဖြစ်နေသည်မှာ နှစ်ပေါင်း ၇၅နှစ် ရှိပြီ။ ဦးနေဝင်း၊ ဦးသန်းရွှေ၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် အစိုးရတို့ မပြင်ခဲ့ကြ။ ၂၀၁၄ ပြည်ခိုင်ဖြိုး အစိုးရခေတ်က ပြင်မလို အသံထွက်လာ၍ ဆရာမကြီး ဒေါ်ရွှေကူမေနှင်းကပင် (အမှတ်စနစ်နှင့် မဟုတ်သည့် တက္ကသိုလ်ဝင်ခွင့်ကို ကြိုဆိုသည့်အကြောင်း စံတော်ချိန်သတင်းစာမှာ ရေးခဲ့သည်။)
KG+12 စနစ်အရ ၁၂တန်းသည် တက္ကသိုလ်ဝင်တန်းဖြစ်ပြီး အမှတ်စနစ်မဟုတ်ဘဲ A,B,C,D အဆင့်လေးမျိုးခွဲကာ တက္ကသိုလ်ဝင်ခွင့်ပြုမည့် NLD အစိုးရစနစ်က အမှတ်စနစ်ကို နားလှည့်ပါးရိုက် တမျိုးပြင်ထားခြင်းဖြစ်ရာ ထိုစနစ်ကလည်း ဆင်းရဲပြည်သူနှင့် အောက်ခြေဝန်ထမ်း ရင်သွေးတို့အတွက် စနစ်ကောင်းမဟုတ်ဘဲ ရှိသုံးရှိ၊ ရှင်သုံးရှင် လူတန်းစားအတွက် ဖြစ်သည့်အပြင် ဘော်ဒါ၊ ကိုယ်ပိုင်ကျောင်းနှင့် ငွေရှင်၊ ပညာရှင်၊ လုပ်ပိုင်ခွင့်ရ အာဏာရှင် ဘဝကောင်းစားရေး စနစ်သာဖြစ်သည်။ ထို ရှိသုံးရှိ၊ ရှင်သုံးရှင် လူတန်းစားတွေ ကောင်းစားဖို့လည်း KG+12 စနစ်နှင့် A,B,C,D အဆင့်ခွဲစနစ်ဖြင့် တက္ကသိုလ်ဝင်ခွင့်ကို ဖန်တီးထားခြင်းဖြစ်သည်။
နိုင်ငံနှင့်လူမျိုးအကျိုးအတွက်ကော၊ ပညာလိုလားသူများအတွက်ကော၊ ဆင်းရဲသားပညာထူးချွန်သူများအတွက်ပါ တကယ်တတ်၊ တကယ်သိ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲနှင့် တက္ကသိုလ်ဝင်ခွင့်စနစ်တို့က ရှိပါသည်။
(၁) ဖ-ဆ-ပ-လ ခေတ် ၁၉၄၈ မှ ၁၉၆၄ ထိ (ဆရာကြီးဦးတင်မိုး၊ ဆရာမကြီးဒေါ်ရွှေကူမေနှင်းတို့ခေတ်) တက္ကသိုလ်ဝင်ခွင့်စနစ်က တက္ကသိုလ်မှာ ၂နှစ် အရင်တက်၊ ထို ၂နှစ် ပြီးမှ ဝါသနာပါရာ ပညာရပ်ယူသည့် စနစ်။ ၁၀တန်းကို တစ်ဘာသာ ၄၀ဖြင့် အောင်၍ ရမှတ်ပေါင်း ၆ဘာသာ ၂၄၀ ရလည်း တက္ကသိုလ် ၂နှစ်မှာ ကြိုးစား၊ ကိုယ်ဝါသနာပါရာ ရနိုင်သည့် စနစ်ကောင်းဖြစ်သည်။ ၎င်းစနစ်ကို ၁၉၆၅ တွင် ပညာရေးဝန်ကြီး ဒေါက်တာညီညီက ဖျက်ပစ်ပြီး အမှတ်စနစ်ဖြင့် ကျင့်သုံးရာ ၂၀၂၀ အထိ မကောင်းသောစနစ်ကို သုံးဆဲဖြစ်သည်။
(၂) ကနေဒါနိုင်ငံလို ကျင့်သုံးမလား။ B.Sc ယူပြီး BA ယူချင် သင်၊ စက်မှု လိုက်မလား လိုက်၊ ဆေးဝါသနာပါလာ၍ ဆေးပညာတက်လိုက တက်။ ဉာဏ်မီလျှင် ယူ။ တက္ကသိုလ်ပညာရပြီး နိုင်ငံလူမျိုး အကျိုးရှိစေသည့်စနစ်။
(၃) ဂျပန်တက္ကသိုလ်ဝင်ခွင့်က တက္ကသိုလ် A တက်ချင်ရင် A အဆင့်၊ B တက်ချင်ရင် Bအဆင့်၊ ကိုယ်တက်လိုသည့် တက္ကသိုလ် တစ်ကြိမ်နှင့်မရလျှင် အကြိမ်ကြိမ်အခါဖြေ။ ဖြေဆိုသူဘက်ကို အခွင့်အရေးပေးထားသလို မေးခွန်းတွေကလည်း အဆင့်မီသည်။
(၄) အင်္ဂလန်နည်းက အကျမရှိ။ အခြေခံမှာ ကိုယ်ယူသည့်ဘာသာတွဲအရ တက္ကသိုလ်ကို ရွေးချယ်။ ဥပမာ ဇီဝ ယူသူက ဆေးပညာဆိုင်ရာ တက္ကသိုလ်သွား။ ဝိဇ္ဇာယူသူက ဥပဒေ၊ စီးပွားရေး စသည် ယူနိုင်သည်။ တက္ကသိုလ်ပညာကို ကြိုးစားသူ၊ ဉာဏ်ရည်မီသူတွေ ရသည်။
ထိုစနစ် ၄မျိုး အကျိုးက တက္ကသိုလ်ဝင်တန်း အမှတ်ကောင်းကောင်းရ ရမည်ဟူသော ဖိအားမရှိ။ ကိုယ်ပိုင်ကျောင်းထားမှ၊ ဝိုင်းသင်မှ၊ ဘော်ဒါနေမှ အမှတ်ကောင်းကောင်းရမည် ဟူသည် မရှိတော့။ တကယ်တော့ တက္ကသိုလ်ဝင်တန်း ကျောင်းသားဘဝ နုနယ်သေးရာ ထိုစာမေးပွဲဖြေဆိုချိန်မှာ (၁)ကြမ္မာဆိုးဝင်နိုင်သည်။ ဥပမာ စာမေးပွဲနီးမှ မိဘဆုံးပါးခြင်း၊ အမှုအခင်း ရင်ဆိုင်ရခြင်း။ (၂) ရေ၊ လေ၊ မီး သဘာဝဘေးဒဏ် ရင်ဆိုင်ရ၍ စာမေးပွဲဖြေဆိုမှုကို ထိခိုက်နိုင်သည်။ ဥပမာ- ကျွန်တော့်ထံ ရောက်လာသည့် ၅ဦးကိုပဲကြည့်။ တခါ ချင်း၊ ကယား၊ စစ်ကိုင်း၊ မကွေးတိုင်း ဒေသတချို့က တက္ကသိုလ်ဝင်ခွင့် ဖြေမည့်သူတွေကိုပဲ ကြည့်။ စိတ်အေးချမ်းသာစွာ ဖြေဆိုရခြင်းမရှိရာ သူတို့ဉာဏ်ရည်ကို ကန့်သတ်လိုက်သလို ဖြစ်သည်။ (၃) ဘဝအကျိုးပေးကောင်း၍ ရှင်သုံးရှင် ရင်သွေးတွေက စာသင်ယူမှု၊ စာလေ့လာခွင့် ပိုမိုရကာ ဆင်းရဲသားတို့ ရင်သွေးတွေထက် ယှဉ်ပြိုင်မှု အခွင့်အလမ်းက သာသည်။ သို့အတွက် အမှတ်စနစ်က နိုင်ငံနှင့် လူမျိုး အကျိုးမရှိသလို အောက်ခြေလူတန်းစားကိုလည်း ကျွန်ဖြစ်စေသည့် စနစ်။
သို့အတွက် ကျွန်တော်သာ ၂၀၂၂ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနှင့် ဝင်ခွင့်စနစ်ကို စီမံခွင့်ရလျှင် ယနေ့ ဓားသွားထက်ထက်ပေါ် လျှောက်လှမ်းလာသော ၁၀တန်း ကလေးတိုင်းကို အင်္ဂလန်စနစ်လို အားလုံး အအောင်ပေးမည်။ ၎င်းကို ပညာရေးအချောင်နှိုက် ဖြစ်နေမည်လားဟု အတွေးမမှားစေချင်ပါ။ ထိုကလေးတို့ကို တက္ကသိုလ်ပညာ ၂နှစ် သင်ယူစေပြီးမှ ဆရာတင်မိုးတို့ ခေတ်လို အင်္ဂလန်လို၊ ဂျပန်လို စိစစ်နိုင်ပါသည်။ ထိုအချိန်တွင် ထိုကလေးတို့မှာ ရင့်ကျက်နေ၍ ပညာကို ကြိုးစား ဘဝအတွက် ပညာကို ကြိုးစားယူလိမ့်မည်။ တက္ကသိုလ်ဝင်ခွင့် အချိုအချောင်စနစ်မဟုတ်။ ပုံစံပြောင်းလဲခြင်းသာ ဖြစ်သည်။ ယခု ၁၉၆၅မှ ၂၀၂၀ထိ စနစ်က (မင်းအမှတ် ၂၄၀ ပဲ ရတဲ့ကောင်သွား၊ ဝိဇ္ဇာက ဒဿနိကနဲ့ပဲ တန်တယ်။ ၃၀၀ ပဲ ရတယ်။ သိပ္ပံက အနိမ့်ဆုံး ရုက္ခဗေဒယူ။ မင်းအမှတ်က ၅၀၁၊ ဆေးအမှတ်က ၅၀၂။ စက်မှုပဲ သွား) ပညာရေးဟာ အာဏာရှင်တွေက ၁၆+ တက္ကသိုလ်ဝင်ခွင့် ကျောင်းသားလေးများကို ဉာဏ်ရည်အဆင့် သတ်မှတ် ဆုံးဖြတ်ပေးနေခြင်း ဖြစ်သည်။)
အမှတ် ၂၄၀သမား၊ နောက်တခါ ၅၀၀ ရအောင် ကြိုးစားခွင့်မပေး။ တကယ်တော့ ဉာဏ်ရည်ကို အညွန့်ချိုးပစ်သောစနစ်ကို နှစ်ပေါင်း ၅၇နှစ်ကြာ မိုက်မဲစွာ ကျင့်သုံးခဲ့ကြသည်။ ယခု ၂၀၂၂ မှာလည်း ထိုစနစ်မျိုးပဲ ကျင့်သုံးမည်ဆိုလျှင်တော့ န.စ.က သည် NLD၊ ပြည်ခိုင်ဖြိုး၊ န.ယ.က၊ မ.ဆ.လ အစိုးရတို့လိုပင် ရှင်သုံးရှင် လူတန်းစာ အကျိုးပြု အစိုးရသာ ဖြစ်နေပြီး ဓားသွားပေါ်လျှောက်နေရသော ၁၀တန်း ကျောင်းသားတို့ခမျာ န.စ.က ကောင်းစားရေး ဓားစာခံပေးရသူများသက်သက်သာ ဖြစ်နေမည်ကို သိစေပါရန် တင်ပြလိုက်ရပါကြောင်း . . . . .
ကိုဌေး (နတ်မောက်)
https://t.me/MyanmarNationalPost
No comments:
Post a Comment