MNP - ဧပြီ ၅
ပြောင်းဖူးပင်များသည် မြေကြီးအစိုဓာတ်ရှိပါက တနှစ်ပတ်လုံး စိုက်ပျိုးနိုင်သော်လည်း အခြားသီးနှံများ ဈေးအတက်အကျ ရှိသော်လည်း ပြောင်းဖူးဈေးများ ကျဆင်းခြင်း မရှိသောကြောင်း မင်းဘူး (စကု) မြို့နယ် ကျောက်တန်းကျေးရွာ ဒေသခံစိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။
ပြောင်းဖူးများတွင် ဖူးစားပြောင်း၊ နှံစားပြောင်း၊ ပြောင်းကြမ်းဟူ၍ သုံးမျိုးရှိပြီး ဖူးစားပြောင်းတွင်လည်း သကြားပြောင်းနှင့် ပြောင်းစေးဟူ၍ နှစ်မျိုးရှိသေးသည်။ သကြားပြောင်းနှင့် ပြောင်းစေးများမှာ ဈေးတူ ဖြစ်ပြီး တစ်ဖူးလျှင် လက်လီဈေး ၁၃၀ ကျပ်အထိရှိသဖြင့် အခြားသီးနှံများ စိုက်ပျိုးခြင်းထက် ပို၍ တွက်ချေကိုက်ကြောင်း သိရသည်။
အခြားသီးနှံများမှာ သီးနှံများ ပေါ်စတွင်သာ ဈေးကောင်းရရှိကြသော်လည်း နောက်ပိုင်းတွင် ဈေးနှုန်များ ပြန်လည် ကျဆင်းသွားတတ်သဖြင့် စိုက်ပျိုးသူများ အဆင်မပြေ ဖြစ်ကြသည်။ ပြောင်ဖူး ဈေးကွက်မှာတော့ မိုးဦး ပြောင်းဖူးများ ပေါ်ချိန်မှာ တစ်ဖူးလျှင်ကျပ် ၉၀/၁၀၀ ဈေးသာရောင်းရသော်လည်း ယခုအချိန်အထိ ဈေးကောင်းမြဲဖြစ်ပြီး စိုက်ခင်းများ နုတ်သိမ်းပြီးသူများနှင့် ယခုမှ စိုက်ပျိုးသူများသာ ရှိကြသဖြင့် တစ်ဖူး လျှင်ကျပ် ၁၂၀/၁၃၀ ဈေးရရှိကာ ဈေးကောင်းနေမြဲဖြစ်သည်။
ပြောင်းစိုက်ပျိုးလုပ်ကိုင်သူများသည် စိုက်ပျိုးသည့်မြေကောင်း၍ မြေအောက်ရေများဖြင့် ရေသွင်းပြီး စိုက်ပျိုး လုပ်ကိုင်ရာတွင် အဆင်ပြေကြသော်လည်း မိုးတွင်းကာလလောက် အပင်ဖြစ်ထွန်းမှု မရှိတော့ပေ။ သို့သော် ဈေးကောင်းရရှိပြီး တွက်ချေကိုက်သောကြောင့် ပြောင်းဖူးစိုက်ပျိုးသူ ပိုမိုများပြားလာကြောင်း မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာ ပြောင်းစိုက်တောင်သူ ကိုဆန်းထွန်းက ပြောသည်။
သတင်း - ဇေယျာထက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment