MNP - ဧပြီ ၅
၁၃၈၃ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်၊ နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန်မဏ္ဍပ် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော် စည်ပင်သာယာရေး ကော်မတီ၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ မဟာသင်္ကြန် ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင် တက်ရောက်အမှာစကား ပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီဝင်များ ဖြစ်ကြသည့် နေပြည်တော် ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ ဌာနမှူးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က အတာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့စွာဖြင့် စိတ်အပန်း ဖြေနိုင်စေရန်အတွက် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုံခြုံရေးလစ်ဟင်းမှု မရှိစေရေး အလေးထား ဆောင်ရွက်ကြရန်၊ ကော်မတီ အသီးသီမှ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် လုံခြုံရေးဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေး၊ ရေရရှိရေးနှင့် ရေပက်ကစားရေး ဆပ်ကော်မတီ၊ ဖျော်ဖြေရေးနှင့် ပြန်ကြားရေး ဆပ်ကော်မတီ၊ ကျန်းမာရေးနှင့် သန့်ရှင်းရေး ဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေး ဆပ်ကော်မတီ၊ သယ်ယူပို့ဆောင်ရေး ဆပ်ကော်မတီ၊ ဘဏ္ဍာရေး ဆပ်ကော်မတီနှင့် ဧည့်ခံကျွေးမွေးရေး ဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က ယခင်နှစ် အတာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ယခုနှစ်တွင် ဆောင်ရွက်မည့် အစီအစဉ်များနှင့် လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မဟာသင်္ကြန်ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဒေါက်တာမောင်မောင်နိုင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြီးမြောက်ခဲ့ကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဝင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment