ကိုယ်စီအမြဲဆောင်ထားရမည့် နိုင်ငံသားကတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုယ်စီအမြဲဆောင်ထားရမည့် နိုင်ငံသားကတ်


မောင်မုဒိတာ

နိုင်ငံပိုင်မြန်မာ့ရုပ်မြင်သံကြား၊ မြဝတီရုပ်မြင်သံကြား၊နိုင်ငံပိုင်သတင်းစာများတွင် ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်ကျော်ခန့်မှစ၍ အသိပေးကြေညာချက်တစ်ခုကို သတိပြုမိ နေပါသည်။ “မိဘပြည်သူများသို့ အသိပေးကြေညာခြင်း” ဆိုသည့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ကြေညာချက်ပင်ဖြစ်သည်။ယင်းကြေညာချက်ကို ထဲထဲဝင်ဝင် ဖတ်ရှုလျှင်တော့ ကြေညာချက်၏ ရည်ရွယ်ချက်ကိုသိရှိနားလည်နိုင်ပေမည်။ တချို့ကမျက်လုံးစိမ်းနှင့်ကြည့်သော် အမြင်စိမ်းစိမ်းဖြင့်မြင်ပြီး တလွဲအသိများဖြင့် မလိုအပ်ဘဲ လွတ်လပ်စွာသွားလာနေထိုင်မှုကို ကန့်သတ်သည်ဟုထင်နိုင်သည်။


နိုင်ငံသားကတ် ပြသစစ်ဆေးခံကြရမည်

၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်နေ့ နံနက် ၆ နာရီမှစပြီး ပြည်သူများအနေဖြင့်ခရီးသွားလာရာတွင် သော်လည်းကောင်း၊တည်းခိုနေထိုင်သည့် နေရာများတွင် သော်လည်းကောင်း၊ နိုင်ငံသားကတ် (မှတ်ပုံတင်) ပြသဆောင်ရွက်သည့်လုပ်ငန်းကိစ္စအဝဝ ဆောင်ရွက်သည့် နေရာများတွင် သော်လည်းကောင်း နိုင်ငံသားကတ်ဟုခေါ်သည့် မှတ်ပုံတင်ကို သက်ဆိုင်ရာ တာဝန်ရှိသူများကလိုအပ်ချက်အရ စစ်ဆေးသည့်အခါ ပြသစစ်ဆေးခံကြရမည်ဟူသည့် ကြေညာချက်ဖြစ်သည်။ ဆိုလိုသည်မှာ နိုင်ငံသားတိုင်းသွားလေရာနေရာတိုင်းတွင်နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုယ်စီကိုင်ဆောင် သွားလာလုပ်ကိုင် ဆောင်ရွက်ကြရန် ဖြစ်သည်။ ဤသို့ဆိုပါလျှင် နိုင်ငံသားအားလုံး နိုင်ငံသား(မှတ်ပုံတင်)ကိုယ်စီရရှိနေဖို့က အရေးကြီးသည်။ ယင်းလုပ်ငန်းစဉ်ကိုလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ ဆောင်ရွက်ပေးနေသည်။ နိုင်ငံသားတိုင်း ယင်းတို့၏ နိုင်ငံသားဖြစ်မှု အရည်အချင်းအရ ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုးထုတ်ပေးရေးလုပ်ငန်းကို နိုင်ငံတစ်ဝန်း ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးနေ သည်မှာ ၂၀၂၁ ခုနှစ် မေလ ၃ ရက်နေ့မှ စတင်ခြင်း ဖြစ်သည်။ ပန်းခင်းစီမံချက်သည်၂၀၂၂ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်သည့်အတွက် စီမံချက်ကာလ ၁၈ လကြာမြင့်မည်ဖြစ်သည်။ ဆောင်ရွက်ရမည့်ပမာဏမှာ တစ်နိုင်ငံလုံးလူဦးရေ ၃ ဒသမ ၄ သန်းကျော်ဖြစ်သည်။ ယခုဆိုလျှင် စီမံချက်ကာလ ၁၁ လရှိပြီဖြစ်သည်။ ကြေညာချက်တွင်ပါရှိသည့်အတိုင်း အသက် (၁၆)နှစ်နှင့်အထက် အကျုံးဝင်သူများအား မြန်မာနိုင်ငံသား ဥပဒေနှင့်အညီ ကိုင်ဆောင်သင့်သည့် ကတ်တစ်မျိုးမျိုး ထုတ်ပေးနေသည့် ပန်းခင်းစီမံချက်ဖြစ်သည်။


ပန်းခင်းစီမံချက်သည် အနာဂတ်နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရသည့် စီမံချက်တစ်ခု ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများ များစွာရှိခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က အတိအလင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ ယင်းထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပခဲ့သည့် မြို့နယ်ပေါင်း ၃၁၅ မြို့နယ်၏ မဲစာရင်းစိစစ်ခြင်းနှင့် မြေပြင်ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များဖြစ်သည်။ စစ်ဆေးတွေ့ရှိချက်များသည် ရွေးကောက်ပွဲကော်မရှင် တစ်ခုတည်းစစ်ဆေးခြင်းမဟုတ်၊ ကော်မရှင်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ယခင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ လဝကမြို့နယ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပါဝင်သော ပူးပေါင်းအဖွဲ့များနှင့် စစ်ဆေးခဲ့သည့် တွေ့ရှိချက်များကို အတိအကျ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး (၁/၂၀၂၂) တွင် ကောင်စီအဖွဲ့ဝင်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အား အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် ရှင်းလင်းပြောကြားချက်များအနက် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပခဲ့သည့်မြို့နယ် ၃၁၅ မြို့နယ်မှဆန္ဒမဲ လက်မှတ်များကို ပြည်ထောင်စု‌ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာမြို့နယ်များတွင်ရှိသည့် တာဝန်ရှိသူများ၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံမေးမြန်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်မရှိဘဲ မဲပေးခဲ့သူ ၄၆၄၈၂၇၀ (၄ ဒသမ ၆ သန်းကျော်)၊ အသက် (၁၈) နှစ်မပြည့်ဘဲ မဲပေးခဲ့သူ ၁၄၄၁၂ ဦး၊ အသက် (၁၀၀) နှစ်နှင့်အထက် မဲပေးခဲ့သူ ၂၀၅၆၆ ဦး၊ နှစ်ကြိမ်နှင့် သုံးကြိမ်အထက် မဲပေးခဲ့သူ၃၈၉၁၆၁၁ဦးအပါအဝင် မဲမသမာမှု စုစုပေါင်း ၁၁၃၀၅၃၉၀(၁၁ သန်း ၃ သိန်းကျော်)ရှိကြောင်း တွေ့ရှိရပါကြောင်း” ဖြင့် အတိအလင်း ပြောကြားခဲ့သည်။ ယင်းထုတ်ပြန်ပြောကြားချက်အရ ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲမသမာမှုများ ရှိခဲ့သည်က အထင်အရှားဖြစ်ခဲ့သည့် နိုင်ငံ၏သမိုင်း စဉ်ဆက်ဖျောက်ဖျက် မရသည့် အမည်းစက်တစ်ခု ဖြစ်နေသည်။ ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲသည် နိုင်ငံ၏ပုံရိပ်ကိုများစွာကျဆင်း စေသော အဖြစ်အပျက်တစ်ခုဖြစ်သည်။


နိုဝင်ဘာလ ၃ ရက်နေ့အထိ သတ်မှတ်

မိမိတို့နိုင်ငံတွင် ယင်းဖြစ်ရပ်မျိုး ထပ်မံအဖြစ် မခံနိုင်၊ ယင်းအမည်းစက်မျိုး ထပ်မံအစွန်းအထင်း မခံနိုင်တော့။ နောင်လာနောက်သားများအတွက် ကောင်းမြတ်သည့် အမွေများကိုသာ လက်ဆင့်ကမ်းချင်သည်။ ထို့ကြောင့် နောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲများတွင် မဲပေးပိုင်ခွင့်ရှိသူအားလုံး သည်နိုင်ငံသားဆိုင်ရာ ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး၊ တစ်နည်းအားဖြင့် နိုင်ငံသား ကတ် (မှတ်ပုံတင်) ကိုယ်စီကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံတော်က ပန်းခင်းစီမံချက်ဖြင့် လှည်းနေ လှေအောင်း၊ မြင်းဇောင်းမကျန် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။ ပန်းခင်းသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့အထိသတ်မှတ်ပေးထားသည့် အတွက် ဆောင်ရွက်ပေးဆဲဖြစ်သည်။


ဤသို့ဆိုပါလျှင် နိုင်ငံသားအားလုံးနိုင်ငံသားကတ် (မှတ်ပုံတင်) ရရှိကိုင်ဆောင်နိုင်ရေး အတွက် ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေသည့် သက်ဆိုင် ရာအဖွဲ့အစည်းများသို့သာ ဆက်သွယ်ဆောင်ရွက်ကြရန်ဖြစ်သည်။ မရရှိသေးသူနိုင်ငံသားများ အမြန်ဆုံးဆက်သွယ် ဆောင်ရွက်ရန်သာဖြစ်သည်။ ပန်းခင်းစီမံချက်ကို ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်အ ထောက်အထား၊ စာရွက်စာတမ်းအချို့ကို တင်ပြကြရန်လိုအပ်သည်။ မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသားဖြစ်ရန်မှာ မွေးရာပါနိုင်ငံသား သော်လည်းကောင်း၊ ဥပဒေအရဖြစ်သော နိုင်ငံသားသော်လည်းကောင်း ဖြစ်ရမည်။ မိမိတို့နိုင်ငံ၏ နိုင်ငံသားဖြစ်မှုသည် သွေးသားဆက်စပ်မှုအပေါ် မူတည်ဆုံးဖြတ်ခြင်းဖြစ် သည်။ နိုင်ငံအတွင်း နိုင်ငံခြားသားတစ်ဦးသည် နှစ်ကာလရှည်ကြာစွာ မည်ရွေ့ မည်မျှနေထိုင်စေကာ မူ မိမိတို့နိုင်ငံသား ဘယ်တော့မှဖြစ်မလာနိုင်။ မိမိနိုင်ငံသားတစ်ဦးနှင့် သွေးချင်းဆက်စပ် အမျိုးတော်မှသာ တစ်ချိန်ချိန် မျိုးရိုးစဉ်ဆက် ဆင်းသက်သူမှ ဥပဒေအရ နိုင်ငံသားအဖြစ် ရရှိနိုင်မည်ဖြစ်သည်။ မွေးရာပါ တိုင်းရင်းသား နိုင်ငံသားများကိုမူ မဆိုလို။ နိုင်ငံသားတစ်ဦးသည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းထားသည့် နိုင်ငံသား အခွင့်အရေးများကို ရရှိခံစားနိုင်သည်။ သို့သော် နိုင်ငံသားတစ်ယောက်၏ တာဝန်ကိုလည်း ကျေပွန်ရန်လိုသည်။ မွေးရာပါနိုင်ငံသားများသည် မည်သည့်အခြေအနေတွင်မျှ၊ မည်သူကမျှ နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခြင်းမပြုလုပ်နိုင်ပေ။ ဥပဒေအရ နိုင်ငံသားများက တော့ သတ်မှတ်ထားသည့် ပြစ်မှုများကိုကျူးလွန်လျှင် နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းနိုင်သည်။ သို့သော် နိုင်ငံသားတစ်ဦးသည်နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်သော်လည်းကောင်း၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူလျှင်သော်လည်းကောင်း၊ အခြားနိုင်ငံတွင် မှတ်ပုံတင်လျှင် သော်လည်းကောင်း၊ အခြားနိုင်ငံကူးလက်မှတ် သို့မဟုတ် အလားတူလက်မှတ်ကို ထုတ်ယူလျှင်သော်လည်းကောင်း ၎င်းကိုနိုင်ငံသားအဖြစ်မှ ရပ်စဲနိုင်ကြောင်း မြန်မာနိုင်ငံသားဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားကြောင်း သိရသည်။


နိုင်ငံသားအဖြစ်မှရပ်စဲ

ပြီးခဲ့သည့်ရက်ပိုင်းကနိုင်ငံသား ၁၆ ဦးအား နိုင်ငံသားအဖြစ်မှရပ်စဲလိုက်သည့်သတင်းကို ဖတ်လိုက်ရသည်။ ၁၁ ဦးတစ်ကြိမ်၊ ငါးဦးတစ်ကြိမ်၊ ၎င်းတို့သည် အခြားနိုင်ငံတစ်နိုင်ငံ၏ နိုင်ငံသား ခံယူထားသူ၊ အခြားနိုင်ငံ၏ နိုင်ငံသားဆိုင်ရာ အထောက်အထားတစ်ခုခု ရယူထားသူဖြစ်ပါက ယင်းနိုင်ငံသားဖြစ်သွားသော်လည်း မည်သည့်နိုင်ငံသားမျှ ခံယူမထားသူ၊ အခြားနိုင်ငံ၏ အထောက်အထားတစ်ခုခု ရရှိထားသူမဟုတ်ပါက ထိုသူသည် နိုင်ငံမဲ့ဖြစ်သွားပြီ။ နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူများအတွက် ၎င်းတို့သည် ဒီနိုင်ငံနှင့် ဘာမျှမပတ်သက်တော့၊ ဒီတွင်ရှိသည့် ဇနီး/ သားသမီး/ မိဘဆွေမျိုး များနှင့်လည်း ဒီနိုင်ငံကိုတော့ လာရောက်ပြီး မတွေ့နိုင်တော့၊ ၎င်းတို့အတွက် စေ့စေ့တွေးကြည့်သော် မြန်မာ့မြေပေါ်သို့ တရားဝင်ခြေချခွင့် မရနိုင်သလို မြန်မာနိုင်ငံ၏ အထင်ကရ တန်ခိုးကြီးဘုရားဖြစ်သော ရွှေတိဂုံစေတီတော်ကြီးအားလည်း လက်ရောက် ဖူးမြော်ခွင့် မရနိုင်တော့။ မြန်မာ့အနုသုခုမလက်ရာများနှင့် ရှေးဟောင်းအမွေအနှစ်များ ပြည့်နှက်နေသည့် ပုဂံဘုရားသို့လည်း မဖူးမရောက်နိုင်တော့။ “ငါဟာမြန်မာ” ဟု ပြောခွင့်မရသည့် နိုင်ငံမဲ့ဖြစ်သွား သူတစ်ယောက်အတွက်က မတွေးရဲစရာ။ ခိုကိုး ရာမဲ့ဘဝပင်။ မော်တော်ယာဉ်များ လိုင်စင်မရှိလျှင် “Without ကား” တန်ဖိုးမရှိသလောက် လူမသိသူမသိ ခိုးစီးရသည်။ နိုင်ငံမဲ့သူ၊ နိုင်ငံမရှိသူကတော့ “ Without လူ”ဖြစ်သွားပြီ။


နိုင်ငံသားအဖြစ်မှ ရပ်စဲခံရသူအတွက် နိုင်ငံသား ပြန်ဖြစ်ဖို့ကတော့ မလွယ်တော့။ နိုင်ငံတော်အစိုးရက နိုင်ငံသားအဖြစ် ရပ်စဲသည့်ဖြစ်ရပ်မှာကျွန်တော့် တစ်သက် ဒီတစ်ကြိမ်သာကြားဖူးသည်ဟု ထင်ပါသည်။ အထက်ကဖော်ပြသည့် နိုင်ငံသားဥပဒေအရ သတ်မှတ်ချက်များ ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် သူ့အလိုလို နိုင်ငံသားအဖြစ်မှ ရပ်စဲသွားသည့် နိုင်ငံသားများ ရှိနေကြသည်။ မိမိတို့နိုင်ငံ၏ နိုင်ငံသားဥပဒေအရ နှစ်နိုင်ငံသား ခံယူခွင့်မရှိပေ။ အလျဉ်းသင့်၍ လူငယ်များအတွက် အသိတရားနှင့် ယှဉ်စေလိုခြင်းကြောင့်ပါ။ ဘယ်သူမပြု မိမိမှုဟုသာ ဆိုချင်ပါသည်။


အစိုးရအဆက်ဆက် ဆောင်ရွက်ပေး

နိုင်ငံတော်၏ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက် မပေးခင်ကလည်းနိုင်ငံသားကတ်(မှတ်ပုံတင်) ထုတ်ပေးသည့် လုပ်ငန်းသည် အစိုးရအဆက်ဆက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်သည်။ ၂၀၁၁ ခုနှစ် ဒီမိုကရေစီအသွင်ကူးပြောင်းသည့် နိုင်ငံတော်အစိုးရ စတင်တာဝန်ယူချိန်တွင်ပြည်သူများ မှတ်ပုံတင်ကို လွယ်လွယ်ကူကူရရှိစေရေးအတွက် သတ်မှတ်ချက်တချို့ကို ဥပဒေနှင့်အညီ ဖြေလျှော့ ပေးပြီးမိုးပွင့်စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက် ပေးခဲ့သည်မှာ လူဦးရေ ၈ ဒသမ ၄သန်းခန့်ကို နိုင်ငံသားကတ် (မှတ်ပုံတင်) ထုတ်ပေးနိုင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် နောက်အစိုးရလက်ထက်က သစ္စာစီမံချက်ဖြင့် ထပ်မံဆောင်ရွက်ပေးရာ လူဦးရေ ၆ ဒသမ ၂သန်းကျော်ကို ထုတ်ပေးနိုင်ခဲ့သည်။ ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူ ချိန်တွင်ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်မှ နောက်ဆုံးလုပ်ငန်းစဉ်ဖြစ်သည့် “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဆိုသည့်အချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရေးအတွက် ဆောင်ရွက်ရမည့် အဓိကအချက်များမှတစ်ခုသည် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း ကိုင်ဆောင်သင့်သည့်ကတ်ပြားတစ်မျိုးမျိုး ကိုင်ဆောင်မဲ ပေးနိုင်ရေးပင်ဖြစ်သည်။ သို့မှသာ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံ တစ်ဝန်း အသက်(၁၆)နှစ်နှင့်အထက်ရှိသူ နိုင်ငံသားအားလုံးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားကတ် (မှတ်ပုံတင်)ကို ကွင်းဆင်းဆောင်ရွက်ပေးလျက် ရှိနေသည်။ သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရုံးများမှ ဆောင်ရွက်ပေးသကဲ့သို့ ရပ်ကွက်/ ကျေးရွာအရောက် အကြိမ်ကြိမ် ကွင်းဆင်းဆောင်ရွက်မှုများလည်း ရှိသည်။ အချို့ဒေသများတွင် မထပ်မကျန်စေရေးအတွက် တစ်အိမ်တက်ဆင်း၊ အိမ်တိုင်ရာရောက် ဆောင်ရွက်ပေးမှုများလည်းရှိကြောင်း သိရသည်။


ပန်းခင်းစီမံချက်သည် သတ်မှတ်ထားသည့်ကာလအတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် လျာထားသတ်မှတ်အရေအတွက် ပြည့်မီအောင်ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည်။ သို့မှသာ နောင်ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲပေးမည့်သူများ နိုင်ငံသားကတ်(မှတ်ပုံတင်) ကိုင်ဆောင်မဲပေးနိုင်မည်ဖြစ်သည်။ ယင်းစီမံချက်သည် သာမန်ကြုံတွေ့နေကျ အခက်အခဲများအပြင် ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု၊ ဒေသ၏လုံခြုံရေး အခြေအနေ စသည့် အခက်အခဲများကြားမှ အောင်မြင်အောင် ဆောင်ရွက်ရမည့် စီမံချက်ဖြစ်သည်။ လဝကဝန်ထမ်းများအပြင် ဒေသအာဏာပိုင်များ၊ ဆက်စပ်အဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဝိုင်းကူရမည့် စီမံချက်ဖြစ်သလို မှတ်ပုံတင်မရှိကြသေးသူ ပြည်သူများကလည်း သက်ဆိုင်ရာရပ်ကျေးရုံးများသို့ လာရောက်သတင်းပို့၊ စာရင်းပေးသွင်းခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် အရေးကြီးလှသည်။ စီမံချက်ကာလ ၁၁ လအတွင်း လူဦးရေ သုံးသန်းကျော်၊ ၉၀ ရာခိုင်နှုန်းအား နိုင်ငံသားကတ် ထုတ်ပေးပြီးစီးပြီဖြစ်ကြောင်းလည်း သိရသည်။ စီမံချက်ကာလ ခုနစ်လခန့် ကျန်နေသေးသည်။


အရေးပါအရာရောက်သည့်ကတ်ဖြစ်

နိုင်ငံတော်အစိုးရ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနရုံးများက ဆောင်ရွက်ခဲ့သည့် မိုးပွင့်၊ သစ္စာနှင့် ပန်းခင်းစီမံချက်များသည် ပြည်သူများအတွက် နိုင်ငံသားအခွင့်အရေး အပြည့်အဝရရှိစေနိုင်မည့် နိုင်ငံသားကတ်ကို လွယ်လွယ်ကူကူ ရရှိစေရေး ဆောင်ရွက်ပေးသည့် စီမံချက်များပင်။ ယခုပန်းခင်းစီမံချက်ဖြင့် နေ့စဉ်ရက်ဆက် ဆောင်ရွက်ပေးနေသော်လည်း နိုင်ငံသားကတ် မပြုလုပ်ရသေးသူများ ကျန်ရှိနေသေးသည်။ အကြောင်းအမျိုးမျိုး ရှိပေမယ့် နိုင်ငံသားကတ်၏ အသုံးဝင်မှုတန်ဖိုးကို မသိရှိဘဲ “မရှိလည်း ဖြစ်ပါတယ်။ ရပ်ကွက်/ ကျေးရွာထောက်ခံစာနဲ့ သွားလာနေထိုင်လုပ်ကိုင်နေတာ အဆင်ပြေနေတာပဲ” ဆိုသည့် အသိများကြောင့် လွယ်လွယ်တွေး၍ မလုပ်ဘဲ နေကြသည်က ပိုများမည်ထင်သည်။ နိုင်ငံသားကတ်ကိုင်ထားသည့် နိုင်ငံသားတစ်ဦး၏ ရရှိခံစားရမည့် နိုင်ငံသားအခွင့်အရေးကို မသိပေ။ နိုင်ငံသားကတ်သည် နိုင်ငံသားတစ်ဦးအတွက် လူမှုဘဝဆောင်ရွက်မှုတိုင်း အရေးပါအရာရောက်သည့် ကတ်ဖြစ်သည်။ ကိစ္စတော်တော်များများက နိုင်ငံသားကတ်ရှိမှဖြစ်သည်။ ပညာသင်ကြားရေး၊ အလုပ်ခွင်ဝင်ရောက်ရေး၊ အစိုးရအမှုထမ်း၊ ငွေကြေးဆိုင်ရာဆောင်ရွက်မှု၊ ပိုင်ဆိုင်မှုဆိုင်ရာ ဆောင်ရွက်မှု၊ ယာဉ်မောင်းလိုင်စင်၊ နိုင်ငံကူးလက်မှတ်အစရှိသည့် လူတစ်ဦး၏ အသုံး ဝင်ဆောင်ရွက်ချက်တိုင်း နိုင်ငံသားကတ်လိုသည်။ နိုင်ငံတော်အတွက် အာဏာ(၃)ရပ်ကို စွဲကိုင်ဆောင်ရွက်မည့် လွှတ်တော်ကိုယ်စားလှယ်များ ရွေးချယ်ရာတွင်လည်း မိမိစိတ်ကြိုက်ကိုယ်စားလှယ်ကို ရွေးချယ်မဲပေးနိုင်ရေးအတွက် အနာဂတ် ရွေးကောက်ပွဲတွင် နိုင်ငံသားကတ်ရှိမှဖြစ်မည်။ ယင်းကဲ့သို့ အသုံးဝင်မှုတန်ဖိုးမြင့်မားလှသည့် နိုင်ငံ သားကတ်ကို ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာတွင် မထပ်မကျန်စေရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မိဘပြည်သူများသို့ အသိပေးကြေညာခြင်းသည် ထောက်ခံစာဖြင့် သွားလာလှုပ်ရှား ဆောင်ရွက်နေ သူများအတွက်နိုင်ငံသားကတ် (မှတ်ပုံတင်) သွားရောက်လျှောက်ထားရယူ ကိုင်ဆောင်စေရေး နှိုးဆော်အသိပေးခြင်းဖြစ်သည်။ ယင်းအသိပေး ကြေညာချက်သည် ခရီးလမ်းပန်းနှင့်လုပ်ငန်း ဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာခြင်းမဖြစ်စေရေးအတွက် သက်ဆိုင်ရာက စစ်ဆေးသည့်အခါ နိုင်ငံ သားကတ် (မှတ်ပုံတင်) ရှိကြောင်း၊ လက်ဖြင့် ကိုယ်စီကိုင်ဆောင်ပြရန်သာဖြစ်သည်။ လိုအပ်ချက် အရ သံသယရှိပါက ခြွင်းချက်အဖြစ် စစ်ဆေးမည် ဖြစ်ပါသည်။ နိုင်ငံသားကတ်၏ နောက်ကျောဘက်တွင်လည်း “ဤကတ်ပြားကို အမြဲဆောင်ထားရမည်” ဟု ဖော်ပြပါရှိထားပြီး ဖြစ်သည်။ ရရှိ ပြီးသူတိုင်း ကိုယ်နှင့်မကွာ ဆောင်ထားရမည့်ကတ် ဖြစ်သလို ယခုခရီးသွားလာမှု၊ လုပ်ကိုင်ဆောင်ရွက် မှုများတွင် ဧပြီလ ၁ ရက်နေ့မှစပြီး သက်ဆိုင်ရာက ရှိ/ မရှိစစ်ဆေးတော့မည် ဖြစ်သည့်အတွက် မရှိသေးသူများ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ ပန်းခင်းထဲသို့ လျှောက်လှမ်း ခဲ့ရန်သာဖြစ်သည်။ နိုင်ငံသားတစ်ယောက်သည် နိုင်ငံသားကတ် (မှတ်ပုံ တင်) မရှိမဖြစ် လိုအပ်နေသည်။ မိဘပြည်သူများကို အသိပေးကြေညာခြင်းသည် နိုင်ငံသားတိုင်း နိုင်ငံ သားကတ် (မှတ်ပုံတင်)ပြုလုပ်ကိုင်ဆောင်နိုင်ရေး အသိပေးနှိုးဆော်ခြင်းပင်။ မိုးပွင့်၊ သစ္စာနှင့် ပန်းခင်း တို့ဖြင့်ဥပဒေနှင့်အညီ ဆောင်ရွက်ပေးနေသည့် နိုင်ငံသားကတ်ကို မရရှိသေးသူ မရှိရလေအောင်၊ Without လူ မဖြစ်ရလေအောင် အသိပေးနေခြင်းသာ ဖြစ်သဖြင့် ပြည်သူ့အတွက် အသင့်ကြိုလင့်နေသည့် ပန်းခင်းသို့သာ မပျက်မကွက် အပြေးချီတက် ဆောင်ရွက်ကြပါရန် မုဒိတာစိတ်ပွားကာ ထပ်ဆင့်နှိုးဆော်အသိပေး ရေးသားတင်ပြ လိုက်ပါသည်။ နိုင်ငံသားအားလုံးဥပဒေနှင့်အညီ နိုင်ငံသားကတ် (မှတ်ပုံတင်) ကိုယ်နှင့်မကွာ ဆောင်ထားနိုင်ကြပါစေ။ ။


(ကူးယူဖော်ပြပါသည်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)