နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်မထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော်မထေရ်မြတ်၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာကျင်းပ

 


MNP - ဧပြီ   ၁

နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် ဘုရားကြီးမြောက်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝေပုလ္လ သက်တော် ၈၄ နှစ် ဝါတော် ၆၄ ဝါ၏ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာ ကို ယမန်နေ့ နေ့လယ်ပိုင်းတွင် မြောက်ကုန်းရပ်ကွက်၌ကျင်းပရာ မြို့နယ် သံဃနာယက အဖွဲ့ဥက္ကဋ္ဌ ဂန့်ဂေါမြို့ မြို့ခင်းသာပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တဇဋိလ အမှူးပြုသည့်ဆရာတော်များနှင့် တပည့်သံဃာတော်များ ကြွရောက်တော်မူကြ၍ ဂန့်ဂေါခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဉက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့မအနောက်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝဏ္ဏိဿရထံမှ ငါးပါးသီလကို ခံယူ ဆောက်တည်ကြ၍ သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်ကြကာ သဗ္ဗေသင်္ခါရာ အနိစ္စာတိ အစချီသော သံဝေဂ သုံးဂါထာကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် တောင်းပန်ကန်တော့ကြကာ အန္တိမအဂ္ဂိဈာပန သာဓုကိဠနပူဇာကို ဆက်လက်ကျင်းပကြကြောင်း သိရသည်။

ဆရာတော်သည် ၁၃၀၃ ခုနှစ်တွင် ခမည်းတော် ဦးဖိုးချစ်၊ မယ်တော် ဒေါ်မြထွန်းတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူ၍ ပိုဦးရွာကျောင်းဆရာတော် ဘဒ္ဒန္တ ကေသရကို ဥပဇ္ဈာယ် ပြုကာ ရှင်သာမဏေ အဖြစ်သို့ ရောက်ရှိခဲ့သည်။ ကောဇာသက္ကရာဇ် ၁၃၂၀ ခုနှစ်၊ ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင် ဂန့်ဂေါမြို့ ဘုရားကြီးမြောက်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအာစာရကို ဥပ္ပဇ္ဈာယ်ပြုပြီး မြောက်ကုန်းရပ်ကွက် ဦးကျော်မြ၊ ဒေါ်စောကြီးမိသားစုတို့၏ ပစ္စယာနုဂ္ဂဟကိုခံယူလျက် ဘုရားကြီးမြောက်ကျောင်း သိမ်တော်၌ မြင့်မြတ်သော ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့ကာ မြန်မာသက္ကရာဇ် ၁၃၂၃ ခုနှစ်တွင် သာသန ဓဇဓမ္မာစရိယဘွဲ့ကို ရရှိခဲ့၍ စူဠနိဒ္ဒေသပါဠိတော်နိဿယကျမ်း၊ ဘုရားကြီး မြောက်ကျောင်းတိုက် ဝတ်ရွတ်စဉ် တို့ကို ပြုစုခဲ့သည်။

ဆရာတော်သည် ဂန့်ဂေါမြို့ ရွှေပြည်ဆိပ်ဦးဘုရားကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ မိုးကောင်းဘုရားကြီး၏ သြဝါဒါစရိယဆရာတော်အဖြစ်လည်းကောင်း၊ ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်းကို ၂၀၁၄ ခုနှစ်မှစ၍ နှစ်စဉ်ပို့ချခြင်း၊ ဓမ္မစကူးလ်သင်တန်းကို ၂၀၁၇ ခုနှစ်မှစတင် သင်ကြားပို့ချခြင်းတို့အပြင် အခြေပြု မူလတန်း၊ ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း တို့အတွက် စာဝါများကိုလည်း ပို့ချပေးခဲ့ကြောင်း သိရသည်။

သတင်း - ထင်အောင်နိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)