MNP - ဧပြီ ၉
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း၍ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက ပုလောမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့သည်။
သင်တန်းကို လူငယ်များအနေဖြင့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဗလဆိုတဲ့ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်များအနေဖြင့် အချိန်အခါမရွေး လူမှုဂရုဏာလုပ်ငန်းများကို ကိုယ်တိုင် ဦးဆောင်ပါဝင်လာပြီး ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါဘေး တားဆီးခြင်း၊ သဘာဝဘေးအန္တရာယ်များ တားဆီးကာကွယ်ခြင်းနှင့် အများအကျိုး ဆောင်ရွက်နိုင်စေရန်နှင့် ဒုက္ခရောက်သူများကို ကူညီစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် ကြက်ခြေနီအကြောင်း သိကောင်းစရာ၊ ရှေးဦးပြုစုခြင်း အခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့် သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ သွေးဆုတ် သွေးလန့်ဖြစ်ခြင်း မူးမေ့သတိလစ်ခြင်း၊ အဆိပ်မိခြင်း၊ သတ္တဝါကိုက်ခြင်း၊ တုပ်ခြင်း၊ အရိုးကျိုးခြင်း အဆစ်လွဲခြင်း ကြွက်သားနှင့် အရိုးအဆစ်ကြောဒဏ်ရာရခြင်း၊ ကိုင်တွယ်ခြင်းနှင့် သယ်ဆောင်ခြင်းနည်းများ၊ အခြေခံ အသက်ကယ် အထောက်အကူပြုခြင်းစသည့် သင်ခန်းစာများကို ပို့ချသွားမည်ဖြစ်ပြီး သင်တန်း ကာလမှာ ဧပြီလ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းကို သင်တန်းသူ /သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်း - အေးအေးမေ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment