MNP ၊ ဧပြီ ၁
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီး ရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁/၂၀၂၂) အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်း မ၌ ကျင်းပသည်။
အစည်းအဝေး၌ လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ယနေ့လုပ်ငန်းကော်မတီ အစည်းအဝေးသည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် ကျင်းပသည့် ဒုတိယအကြိမ် အစည်းအဝေးဖြစ်ပါကြောင်း၊ ဖေဖော်ဝါရီ ၁၁ ရက်တွင် ကျင်းပခဲ့သော လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ညှိနှိုင်းအစည်းအဝေး (၁/၂၀၂၂) တွင် လက်နက်ကိုင်ပဋိပက္ခ အတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှု များမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) မူကြမ်းနှင့် လက်နက် ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက် (Statement) မူကြမ်းတို့ကို ဆွေးနွေးအတည်ပြုခဲ့ကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီရုံး သို့ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို တင်ပြခဲ့ရာ မတ် ၁၅ ရက်တွင် မူအားဖြင့် သဘောတူသည်ဟု ညွှန်ကြားမှု ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တွင်ပါရှိသည့် လုပ်ငန်းအစီ အစဉ်တို့ကို ဆက်လက်ဆောင်ရွက် သွားရမည်ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် တွင်ပါရှိသည့် လုပ်ငန်းအစီအစဉ် (၇) ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုကြောင်း ပြောကြား သည်။
ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၂-၂၀၂၃) နှင့် ကာကွယ်တားဆီးရေးကော်မတီ၏ ထုတ်ပြန်ကြေညာချက် (Statement) (မူကြမ်း) တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းတို့ကို ရှင်းလင်းတင်ပြ သည်။
အစည်းအဝေးသို့ ကော်မတီဝင်များဖြစ်ကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနမှူးများ၊ ညွှန်ကြားရေးမှူးများနှင့် မြန်မာနိုင်ငံကြက်ခြေနီ အသင်းတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment