MNP - ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ခရိုင်လူမှုဝန်ထမ်းရုံးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက "ယနေ့ချီးမြှင့်သည့် ဂုဏ်ပြု မှတ်တမ်းလွှာသည် ပဲခူးတိုင်းဒေသကြီး အစိုးရ အဖွဲ့၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ယခုနှစ် မတ်လ ၂၅ရက်နေ့က ပဲခူးမြို့တော် ခန်းမ၌ ကျင်းပခဲ့သည့်အခမ်းအနားတွင် ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ပရဟိတလူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း၊ ယင်းဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာ မြို့နယ်အလိုက် စေတနာ့ ဝန်ထမ်းများတစ်ဦးချင်စီထံ ဆက်လက်ပေးအပ် ဆောင်ရွက်စေလိုကြောင်း၊ စေတနာ့ဝန်ထမ်းများသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါ ဖြစ်ပွားခဲ့သည့် ၂၀၂၀ပြည့်နှစ် ပထမလှိုင်းဖြစ်ချိန်ကစပြီး လက်ရှိအချိန်အထိ မိမိတို့ရပ်ရွာ ဒေသအတွက် ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး အားသွန်ခွန်စိုက် ပါဝင်ခဲ့ကြသူများဖြစ်၍ ပြည်သူလူထုကအားကိုးရသည့် စံပြပုဂ္ဂိုလ်များဖြစ်ကြောင်း" စသည်ဖြင့် အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားသည်။
ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဇော်မင်းသိန်း၊ ပြည်ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နွယ်ဦးနှင့်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာစိန်၊ ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြား ရေးမှူး ဒေါ်တင်တင်ချိုနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူး တို့က တက်ရောက်လာသော ပြည်၊ ပန်းတောင်း၊ ပေါက်ခေါင်း၊ ပေါင်းတည်၊ ရွှေတောင်နှင့် သဲကုန်း အစရှိသည့် ပြည်ခရိုင်ခြောက် မြို့နယ်မှ ပရဟိတလူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်း ကိုယ်စားလှယ်များထံ ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ရာ မြို့နယ်များ ကိုယ်စား စေတနာ့ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ယနေ့ ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်ရာတွင် ပြည်မြို့နယ်မှ စေတနာ့ ဝန်ထမ်း(၂၃)ဦး၊ ပန်းတောင်းမြို့နယ်မှ (၂၁)ဦး၊ ပေါက်ခေါင်းမြို့နယ်မှ(၁၆၆)ဦး၊ ပေါင်းတည်မြို့နယ်မှ (၁၅၄)ဦး၊ ရွှေတောင်မြို့နယ်မှ(၅၁)ဦးနှင့် သဲကုန်းမြို့နယ်မှ (၆၉)ဦး၊ စုစုပေါင်းခရိုင်အတွင်း စေတနာ့ဝန်ထမ်း(၄၈၄)ဦးအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်း ရုံးမှ သိရသည်။
သတင်း - ကိုဆက်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment