MNP - ဧပြီ ၁၇
ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြန်မာတို့၏ နှစ်သစ်ကူးအခါသမယ ဖြစ်သော နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းအချိန်မှစတင်၍ မြို့နယ်အတွင်းရှိ ဘုရား၊စေတီပုထိုးများတွင် ကုသိုလ်ကောင်းမှု လာရောက်ပြုကြသူများဖြင့် စည်ကား သာယာလျက်ရှိကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ဘုရာဖူး လာရောက်ကုသိုလ်ပြုခြင်းများ၊ ငါးလွှတ်ခြင်း၊ ငှက်လွှတ်ခြင်းနှင့် ဘုရားကျောင်းကန် ပတ်ဝန်းကျင်များအား သန့်ရှင်းရေး ပြုလုပ်ကြခြင်းဖြင့် ကုသိုလ်ပြုလာရောက်သူများပြားလျက်ရှိကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း နှစ်သစ်ကူး စတုဒိသာအလှူများ၊ သက်ကြီးရွယ်အိုများအား ခြေသည်းလက်သည်း ညှပ်ခြင်း၊ ခေါင်းလျှော်ပေးခြင်းများနှင့် နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခံခြင်းများဖြင့် အလွန်ကြည်နူးနှစ်သက်ဖွယ်ကောင်းသော မြန်မာ့မှု ဓလေ့ထုံးတမ်းများစွာဖြင့်ကုသိုလ်ပြုကြသူများလည်း အများအပြားရှိကြောင်း သိရှိရသည်။
ထို့နောက် ရဟန်းသံဃာတော်များ၊ သီလရှင် ဆရာကြီး၊ ဆရာလေးများမှ ဆွမ်းဆန်စိမ်း အလှူခံထွက်ရှိနေမှုများဖြင့် အေးချမ်းသာယာလှပလျက်ရှိကြောင်း သတင်းရရှိသည်။
သတင်း - သက်မင်းဟန်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment