MNP - ဧပြီ ၄
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပန်းခင်းစီမံချက် ရာနှုန်းပြည့်ပြီးစီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၀၉:၃၀ က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြား ရာတွင် ကျန်းမာရေးကဏ္ဍ၌ ရန်ကင်းမြို့နယ်အနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ရာနှုန်းပြည့်ထိုးနှံပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်သွားရန်၊ ပညာရေး ကဏ္ဍအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ စာမေးပွဲ ဖြေဆိုနိုင်ရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ခြင်းဆိုင်ရာ ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ ဖြေဆိုပြီးစီးနိုင်ရေး အထူးကြပ်မတ် ဆောင်ရွက်သွားရန်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့အနေဖြင့် မြို့နယ်သန့်ရှင်းသာယာ လှပအောင် ဆောင်ရွက်သွားရန်နှင့် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးကြိုတင်တာဆီး ကာကွယ်ရေးကို အထူးသတိပြုဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက ပန်းခင်းစီမံချက်အနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးရာတွင် သိသင့်သိထိုက်သည့် အချက်များ၊ ပန်းခင်းစီမံချက်ဆောင်ရွက်ပေးနေမှုများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ၏ ရပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းချက်များနှင့် ပျောက်ဆုံး၊ ပျက်စီးမှုများ ရှိပါက သက်ဆိုင်ရာဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြား ပြုလုပ်နိုင်ကြောင်း ရှင်းလင်း တင်ပြခဲ့ပြီး၊ သက်ဆိုင်ရာဌာနများမှလည်း မိမိလုပ်ငန်းများနှင့် ပတ်သက်ပြီး အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်း - အိရွှေစင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment