MNP - ဧပြီ ၄
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒဘာသာရပ်ကို ဧပြီလ ၄ ရက် နံနက် ၉ နာရီအချိန်မှစတင်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုကြကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခု၌ ၂၀၂၂ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက် ဖြေဆိုရန် စာရင်းပေးသွင်း ထားသူ(၁၁၆၉)ဦးရှိပြီး ကျောင်းတွင်း၊ ပြင်ပဖြေဆိုသူ စုစုပေါင်း (၉၆၃)ဦး၊ ပျက်ကွက်သူ (၂၀၆)ဦးရှိသောကြောင့် ဖြေဆိုသည့် ရာခိုင်နှုန်းအားဖြင့် ၈၂ ဒသမ ၃၈ ရာခိုင်နှုန်းရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၄)ခုတို့၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဝင်ရောက ဖြေဆိုခြင်းမပြုမီ စာမေးပွဲဖြေဆိုခွင့်ကဒ် မှန်၊ မမှန်စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း လုပ်ငန်းများကို ဆရာ၊ ဆရာမများက စနစ်တကျ ဆောင်ရွက်ကြသည့်အပြင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေး ကျောင်းဝန်းအတွင်း/အပြင်များတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်သူ၏ ဦးဆောင်မှုနှင့်အတူ သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြပ်ကြည့်ရှုပေး လျက်ရှိကြောင်း သိရသည်။
သတင်း - ဘာမီသာ
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment