MNP - ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ရွှေကျင်မြို့နယ်၊ အနောက်ဘက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူ စိုက်ပျိုးနည်းပညာ သင်တန်းနှင့် EM ဘိုကာရှီမြေဆွေးပုံ ပြုလုပ်သုံးစွဲနည်း လက်တွေ့ သရုပ်ပြခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မြင့်ထွေးက တောင်သူများ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် သီးနှံမျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုး ထုတ်လုပ်ခြင်း၊ တောင်သူများ အဆက်မပြတ် ဝင်ငွေရရှိ၍ ဒေသဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုး နည်းပညာ သင်တန်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် မြေဆီလွှာ ထိန်းသိမ်းနည်း အကြောင်းများ၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုအကြောင်းများနှင့် သဘာဝမြေဩဇာ ထုတ်လုပ် အသုံးပြုပုံများကို ပြောကြား ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများ ကိုယ်တိုင် သဘာဝ မြေဩဇာ ထုတ်လုပ်အသုံးပြုနိုင်ရန်အတွက် EM ဘိုကာရှီ မြေဆွေးပုံ ပြုလုပ်သုံးစွဲပုံ နည်းကို လက်တွေ့ သရုပ်ပြသပေးသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဒေသခံ တောင်သူ(၅၀)ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
သတင်း - ထွန်းထွန်းဇော်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment