MNP ၊ ဧပြီ ၁၄
ယမန်နေ့ညက ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးချုပ် အား NLD အစွန်းရောက် အကြမ်းဖက်သမားများက ဖောက်ခွဲရေးပစ္စည်းများဖြင့် ၂ကြိမ် တိုက်ခိုက်ခဲ့ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်း၏ ထုတ်ပြန်ချက်အရ သိရသည်။
ပုဇွန်တောင်မြို့နယ် ရေကျော်လမ်းရှိ မြန်မာ့သမိုင်းဝင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းရုံးချုပ် အဆောက်အဦးအား ၁၃-၄-၂၀၂၂ သင်္ကြန်အကြိုနေ့ ည ၇ နာရီအချိန်တွင် အကြမ်းဖက်တို့က ကားပေါ်မှ လက်ပစ်ဗုံးပစ်၍ တိုက်ခိုက်ခဲ့ကြရာ အဆောက်အဦးအနည်းငယ်ထိခိုက်ပျက်စီးသွားပြီး လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် ၎င်းကားနောက်မှ မောင်းနှင်လာသော အပြစ်မဲ့ပြည်သူတစ်ဦး၏ကားလည်း ဗုံးစထိမှန်ခဲ့ရကြောင်း၊ သမိုင်းဝင်အဆောက်အဦးအား စောင့်ရှောက်ပေးနေကြသော လုံခြုံရေးဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြကြောင်း၊ ဗုံးစများအား စစ်ဆေးနေစဉ်အချိန်တွင် တားဆီးထားသော ဘယ်ရီဂိတ်များအား အကြမ်းဖက်တို့၏ ကားတစ်စင်းမှ အတင်းတိုးဝင်ကာ လုံခြုံရေးဝန်ထမ်းများအား ပစ်ခတ်မောင်းပြေးသဖြင့် လုံခြုံရေးဝန်ထမ်းများက ပြန်လည်ပစ်ခတ်ပြီး လိုက်လံရှင်းလင်းရာ ပရိုဘောက်တစ်စင်းနှင့် အကြမ်းဖက်တစ်ဦးအား အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရထွက်ပြေးလွတ်မြောက်သွားကြသည့် အကြမ်းဖက်များအား ဖမ်းဆီးရမိရေး အပူတပြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အကြမ်းဖက်တို့သည် မြန်မာ့သမိုင်းဝင်အသင်းအဖွဲ့များ၊ အဆောက်အဦးများ၊ ဘုရားစေတီများ၊ သံဃာတော်များ၊ ဘာသာ၊ သာသနာစောင့်ထိန်းကြသူများနှင့် မြန်မာ့ရိုးရာဓလေ့များကို ပစ်မှတ်ထား လိုက်လံဖျက်ဆီး သတ်ဖြတ်နေကြခြင်းမှာ မြန်မာနိုင်ငံသားများအနေဖြင့် လွန်စွာစိတ်မချမ်းမြေ့ဖွယ်ဖြစ်ရကြောင်း၊ သမိုင်းဝင်အဆောက်အဦးအား စောင့်ရှောက်ပေးနေကြသော နိုင်ငံတော်အစိုးရနှင့် တာဝန်ရှိသူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများအား မိမိတို့အသင်းကြီးမှ အထူးကျေးဇူးတင် ရှိပါကြောင်း၊ မိမိတို့အသင်း၏ သမိုင်းဝင် အဆောက်အဦးအား ဗုံးခွဲတိုက်ခိုက်၍ ပြိုကျသွားစေကာမူ လွတ်လပ်ရေးမရမီကတည်းက တည်ရှိခဲ့သော ၁၁၆ နှစ် သက်တမ်းရှိ သမိုင်းဝင် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီးကိုကား မြန်မာ့သမိုင်းထဲမှ မည်သို့မျှထုတ်ပယ်၍ရမည်မဟုတ်ကြောင်း ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး(ဗဟို) က ထုတ်ပြန်ထားသည်။
NLD အစွန်းရောက် အကြမ်းဖက်သမားများသည် နှစ်သစ်ကူးအခါသမယတွင် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်သည့် လုပ်ငန်းများ ရန်ကုန်မြို့ပေါ်တွင် လုပ်ဆောင်ရန် စီစဉ်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှု ယူဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းစဉ်များကို ဖော်ထုတ်သိရှိခဲ့ရသည်။ သင်္ကြန်မတိုင်မီကလည်း မြို့တော်ခန်းမရှေ့ရှိ ရေကစားမဏ္ဍပ်ကို NLD အစွန်းရောက်များက ဗုံးခွဲတိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး ယမန်နေ့က တာမွေမြို့နယ်တွင် ရေကစားမဏ္ဍပ်များကို ဖောက်ခွဲရန် ထွက်လာသည့် NLD အစွန်းရောက် အကြမ်းဖက်သမားများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးလိုက်နိုင်ခြင်းကြောင့် အကြမ်းဖက်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ခဲ့သည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment