ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာတွေ့ဆုံ၍ ကူညီ ဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး ယခု DOSo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုများကို Online မှတစ်ဆင့် လွယ်ကူလျင်မြန်စွာတွေ့ဆုံ၍ ကူညီ ဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး ယခု DOSo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်

(ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်း)



ရင်းနှီးမြှုပ်နှံမှုနှင့်  နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်  ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရန်နှင့်  စီးပွားရေး လုပ်ငန်းရှင် များ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရန်အတွက် ပိုမိုကောင်း မွန်သောဝန်ဆောင်မှုများ ပေးစွမ်းနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။


သို့ပါ၍ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ အဆိုပါဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များကို တင်ပြလိုက်ရ ပါသည်။


 မေး      ။           ။  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက  အကောင်အထည်ဖော်ဆောင်ရွက်မယ့် အီလက်ထရောနစ် တွေ့ဆုံ ဆွေး နွေးခြင်း ဝန်ဆောင်မှုစနစ် (DICA Online Solution_DOSo) က ဘယ်လိုစနစ်မျိုးလဲဆိုတာ ရှင်းပြပေး စေလိုပါ တယ်။


 ဖြေ       ။           ။           ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ DOSo စနစ်ဟာ ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွား ရေးလုပ်ငန်းရှင်များအနေနဲ့  ဌာနကို  လူကိုယ်တိုင် လာရောက်စရာမလိုဘဲ Online ကနေ မိမိတွေ့ဆုံ လိုတဲ့ နေ့ရက်နဲ့အချိန်ကို  လွယ်ကူစွာရွေးချယ် ချိန်းဆိုမှုပြုလုပ်နိုင်ပြီး ဌာနက စိစစ်ခွင့်ပြုချက်အရ Online meeting နဲ့ DICA က တာဝန်ကျ အရာထမ်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်တဲ့  စနစ်တစ်ခုဖြစ်ပါတယ်။


 မေး      ။           ။ အီလက်ထရောနစ် တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှု (DOSo) စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရခြင်းရဲ့ ရည်ရွယ် ချက်ကို ရှင်းပြပေးပါ။


 ဖြေ       ။           ။ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေနဲ့ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် အရေးပါတဲ့ကုမ္ပဏီများ ဖွဲ့စည်း မှတ်ပုံတင်ခြင်း၊ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ်များ ဝင်ရောက်လာရေးနဲ့ ဝင်ရောက်ပြီး ရင်းနှီး မြှုပ်နှံမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာရေးလုပ်ငန်းတွေကို  မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ၊  မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုဥပဒေတို့နဲ့အညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ နိုင်ငံ တကာအဖွဲ့အစည်းတွေက ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို လာရောက်ပြီးသိရှိလို တာတွေကို စုံစမ်းဆွေးနွေးလေ့ရှိပါတယ်။ ဒါ့အပြင် လက်ရှိ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဌာနကို မကြာခဏ လာရောက်ဆက်သွယ်ပြီး အခက်အခဲတွေကို တင်ပြကြပါတယ်။


ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်း ၂၀၂၀ ပြည့် နှစ် နှစ်စပိုင်းမှာ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ပြန့်ပွား မှုကြောင့် ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင် တွေအနေနဲ့ ဌာနကို လူကိုယ်တိုင်လာရောက်ပြီး စုံစမ်းမှုတွေပြုလုပ် ဖို့ ကန့်သတ်မှုတွေနဲ့ အခြား အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။


ဒီလို အခက်အခဲတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့နဲ့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ဆက်လက် မြှင့်တင် နိုင်ဖို့၊ လက်ရှိရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုလွယ်ကူချောမွေ့စေဖို့၊ ပွင့်လင်းမြင်သာမှုပိုမိုအားကောင်း လာစေဖို့အတွက် ပြည်ထောင်စုဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိတဲ့  SMART Pro-gramme (Streamlining and Simplifying Pro-cedures , Maximizing Online Services and Minimizing Barriers to Business, Assuring After-care Services, Reducing Regulatory Burden and Transparency Enhancement) နဲ့အညီ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စုံစမ်းမေးမြန်းမှုတွေကို Online ကတစ်ဆင့် လွယ်ကူလျင်မြန်စွာ တွေ့ဆုံ ကူညီဖြေရှင်းပေးနိုင်ဖို့ရည်ရွယ်ပြီး အခု DOSo စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါ တယ်။


မေး      ။          ။  DOSo စနစ်ကို  ဘယ်လိုအသုံးပြုရတယ်ဆိုတာ ရှင်းပြပေးစေလိုပါတယ်။ ဘယ်သူတွေအသုံးပြုနိုင်မလဲ၊ ဘယ်လို အသုံးပြုနိုင်မလဲဆိုတာ သိချင်ပါတယ်။


ဖြေ       ။           ။  DOSo စနစ်ကို အသုံးပြုပြီး အင်တာနက်ရရှိနိုင်တဲ့ မည်သည့်နေရာကမဆို DICA ဝန်ထမ်းများနဲ့ တွေ့ဆုံဆွေးနွေးနိုင်ဖို့ ချိန်းဆိုမှု တွေကို  အချိန်မရွေး တောင်းခံနိုင်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုတောင်းခံရာမှာ ဖြည့်သွင်းရတဲ့အချက် တွေက လည်း ရိုးရှင်းလွယ်ကူပါတယ်။ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ တွေ့ဆုံ ဆွေးနွေးမှု မစခင် မိမိတို့ဘက်က ဆွေးနွေးလိုတဲ့ အချက်တွေ၊ တင်ပြစရာတွေရှိရင် ကြိုတင်တင်ပြနိုင်ဖို့အတွက်လည်း DOSo စနစ်ထဲမှာ ထည့်သွင်းပေးထားပါတယ်။


တွေ့ဆုံဆွေးနွေးမှု တောင်းခံချက်တွေကို ဌာနအနေနဲ့ ၇၂ နာရီ (သုံးရက်) အတွင်းစိစစ်ပြီး meeting link နဲ့ passcode တွေကို စနစ်ရဲ့ email ကတစ်ဆင့် ပေးပို့သွားမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးမှုကြာချိန်ကို မိနစ်  ၃၀ သတ်မှတ်ထားပြီး ရင်းနှီးမြှုပ်နှံသူတွေအတွက် ထိရောက်တဲ့ ဆွေးနွေးမှုဖြစ်စေဖို့အတွက် DICA က ဝန်ထမ်းတွေအပြင် စီးပွားရေးနဲ့သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေက ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူအရာ ထမ်းတွေအနေနဲ့ တစ်ပါတည်းဝင်ရောက်ဆွေးနွေး နိုင်ဖို့အတွက်လည်း DOSo စနစ်မှာ ထည့်သွင်းထားပါတယ်။


တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ရုပ်သံမှတ်တမ်း အကြောင်းအရာတွေကို DOSo စနစ်မှာ စနစ်တကျ မှတ်တမ်းတင် သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဌာနနဲ့ တွေ့ဆုံဆွေးနွေးရာမှာ အဆင်မပြေမှုနဲ့ အကြံပြုချက် တွေရှိလာရင် ဆွေးနွေးမှုပြီးတဲ့ အခါမှာ ရိုးရှင်းလွယ်ကူတဲ့ feedback  ပေးနိုင်တဲ့ စနစ်ကိုပါ ထည့်သွင်းပေး ထားပါတယ်။


မေး      ။           ။ အီလက်ထရောနစ်  တွေ့ဆုံဆွေးနွေးခြင်းဝန်ဆောင်မှု(DOSo)စနစ် ဆောင်ရွက်ခြင်းအတွက်ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ ရှင်းပြပေးပါ။


ဖြေ       ။           ။ DOSo စနစ်ကို အကောင်အထည်ဖော်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဌာနကို လူကိုယ် တိုင်လာရောက်ဖို့ မလိုအပ်တော့ဘဲ Online ကတစ်ဆင့် လွယ်ကူလျင်မြန်စွာချိန်းဆိုမှုပြုလုပ်ပြီး တွေ့ဆုံ ဆွေးနွေးနိုင်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးကို ထိရောက်စွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။


ဒါ့အပြင် လူကိုယ်တိုင်လာစရာမလိုတဲ့အတွက် အချိန်နဲ့ ငွေကြေးကုန်ကျစရိတ်များစွာ သက်သာခြင်း၊ ရင်းနှီး မြှုပ်နှံသူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို အချိန်နဲ့တစ်ပြေးညီ ကူညီဖြေရှင်းပေးနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံ မှုတွေကို ပိုမိုလွယ်ကူချောမွေ့ စေခြင်း၊ e-Government စနစ်ကို ပိုမိုအားကောင်းလာစေခြင်း၊ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါတဲ့ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေကို ပိုမိုဆွဲဆောင်မြှင့်တင်နိုင်ခြင်းတို့ အပြင် ပွင့်လင်းမြင်သာမှုနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက်လည်း များစွာအထောက်အကူပြုခြင်း စတဲ့အကျိုး ကျေးဇူးတွေကို ရရှိစေမှာဖြစ်ပါတယ်။


မေး ။    ။           ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနကနေ DICA  info ဆိုတဲ့ Mobile Application တစ်ခု ရေးဆွဲဖြစ်ခဲ့တဲ့ အကြောင်း ရင်းကိုလည်း သိပါရစေ။


ဖြေ       ။           ။ အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ လုပ်ငန်း လုပ်ကိုင် နေကြတဲ့ ဒါမှမဟုတ် ဝင်ရောက်လုပ်ကိုင် နိုင်ချေရှိတဲ့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ အချက်အလက် ရှာဖွေ သူတွေအတွက် ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို နည်းလမ်းမျိုးစုံအသုံးပြုပြီး ပံ့ပိုးပေးလျက် ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး အထောက်အကူပြု စာအုပ်စာစောင်တွေ၊ ဗီဒီယိုဖိုင် တွေနဲ့ လက်ကမ်း စာစောင်တွေ ပြုစုထုတ်ဝေနေသလို DICA ဝက်ဘ်ဆိုဒ်ကနေတစ်ဆင့် သတင်းအချက်အလက်တွေလည်း ဖြန့်ဝေပေးလျက်ရှိပါတယ်။


ဒါ့အပြင် ဌာနရဲ့ အီးမေးလ်နဲ့ တယ်လီဖုန်းကို ဆက်သွယ်မေးမြန်းလာသူတွေကိုလည်း ပုံမှန်အတိုင်း ပြန်လည် ဖြေကြားပေးလျက်ရှိပါတယ်။ အခုနောက်ပိုင်းမှာဆိုရင် သတင်းအချက်အလက် ရှာဖွေ သူတွေဟာ ဌာနရဲ့ ဝက်ဘ်ဆိုဒ်ကို ပိုမိုကြည့်ရှုလာကြပါတယ်။ ဘာလို့ဒီလိုပြောရသလဲဆိုတော့ ကိန်း ဏန်းအချက် အလက် တွေအရ လစဉ်ဝက်ဘ်ဆိုဒ် ကြည့်ရှုသူအသစ်အရေအတွက်ဟာ အမြဲတိုးတက်နေတာကိုလည်း တွေ့မြင်နေရ လို့ပါ။  အချို့သတင်း စာမျက်နှာတွေဟာလည်း မိမိတို့ဌာနဝက်ဘ်ဆိုဒ်မှာ ထုတ်ပြန်လိုက်တဲ့  သတင်းတွေကို စောင့်ကြည့်၊ ကိုးကားပြီး သတင်းတွေရေးသားနေကြတာကိုလည်း တွေ့မြင်နေရပါတယ်။ ဒါကိုကြည့်လိုက် မယ်ဆိုရင် သတင်းသမားတွေအနေနဲ့ DICA ရဲ့ ဝက်ဘ်ဆိုဒ်အပေါ် ယုံကြည်ကိုးစားမှု မြင့်မားတယ်ဆိုတာကို ဖော်ပြရာလည်း ရောက်ပါတယ်။


ဒါကြောင့် မြန်မာ့စီးပွားရေးရပ်ဝန်းမှာ ကျင်လည် နေသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေလိုချင်တဲ့  တိကျ မှန်ကန်ပြီး ယုံကြည်ကိုးစားရတဲ့ သတင်းအချက် အလက်တွေကို အလွယ်တကူပိုမိုရရှိနိုင်ဖို့ ရည်ရွယ် ပြီးအခုလို Mobile Applicationကို ရေးဆွဲရခြင်းပဲဖြစ်ပါတယ်။


မေး      ။          ။           DICA  info  Mobile  Application  ရဲ့ ထူးခြားမှုတွေကိုလည်း သိပါရစေ။


ဖြေ       ။          ။           DICA info Mobile  Application  ဟာ DICA ဝက်ဘ်ဆိုဒ်ကို  အခြေပြုတည် ဆောက်ထားတဲ့ မိုဘိုင်းအက်ပလီကေးရှင်းဖြစ်ပြီးတော့ အွန်လိုင်းထပ်တူပြုခြင်း (Online  Syncronization) စနစ်ကို အသုံးပြုထားတဲ့အတွက်  အသုံးပြုရာမှာ လျင်မြန်လွယ်ကူခြင်း၊  ဖိုင်အရွယ်အစား သေးငယ် တဲ့အတွက် တစ်ဦးမှတစ်ဦးဆီကို  ထပ်ဆင့်မျှဝေ ရာမှာ လွယ်ကူခြင်း၊  DICA  ဝက်ဘ်ဆိုဒ်နဲ့ ချိတ်ဆက်ထားတဲ့အတွက် အသုံးပြုသူတွေအနေနဲ့ နောက်ဆုံးရ သတင်းအချက်အလက်တွေ၊ ပုံနှိပ်ထုတ်ဝေထားတဲ့ စာအုပ်စာစောင်တွေ၊ ကိန်းဂဏန်းအချက်အလက် တွေကို အချိန်နဲ့တစ်ပြေးညီ သိရှိနိုင်ခြင်း၊ မိမိတို့ဌာန ဝက်ဘ်ဆိုဒ်လိပ်စာကို မှတ်မိရန်မလိုဘဲ အက်ပလီ ကေးရှင်းကို ဖွင့်ပြီး အသုံးပြုနိုင်ခြင်း၊ အမေးများတဲ့ မေးခွန်းများ (FAQ) က တစ်ဆင့်သိရှိလိုသည်များကို လေ့လာနိုင် တဲ့အပြင် FAQ မှာ  မပါဝင်တဲ့  အခြားသိရှိလိုတဲ့အချက်တွေကို  အက်ပလီကေးရှင်းက တစ်ဆင့် လေ့လာနိုင် ခြင်း၊ သုံးစွဲသူများရဲ့ စိတ်ဝင် စားမှုနဲ့ အမူအကျင့်တွေအပေါ် အလေးပေးတဲ့ အသွင် အပြင်နဲ့ အချက်အလက် တွေကို တည်ဆောက်ထားခြင်း၊ ဦးစီးဌာနဝက်ဘ်ဆိုဒ်က စာအုပ်၊ စာစောင်တွေကို မိမိလိုအပ် တဲ့အချိန်မှာ ဒေါင်းလုဒ်ချသုံးစွဲရတဲ့အတွက် သိုလှောင်မှုနေရာ (Storage Space)များစွာ ပေးထားရန် မလိုအပ်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။


မေး ။    ။           Cost of Doing Business  in  Myanmar Survey Report တွေကို ဘယ်နှခုနှစ်ကတည်း စတင်ထုတ်ဝေခဲ့တာပါလဲ။ ယခင်နှစ် တွေနဲ့ ဒီနှစ် ၂၀၂၂ ခုနှစ်က ဘာများကွာခြားပါသလဲ သိလိုပါတယ်။


 ဖြေ ။    ။           Cost of  Doing  Business in Myanmar Survey Reportကို ၂၀၁၇ ခုနှစ် ကတည်းက ထုတ်ဝေခဲ့ပါတယ်။ အခုနှစ် Cost of Doing Business Survey Report 2022 ဟာ တတိယအကြိမ်မြောက် ထုတ်ဝေခြင်းဖြစ်ပါတယ်။ ယခုနှစ် Survey Report မှာ  တိုင်းဒေသကြီး/ ပြည်နယ်အားလုံးရဲ့ သတင်းအချက်အလက်တွေ စုံလင်စွာပါရှိပါတယ်။


မေး ။    ။           Cost of Doing Business in Myanmar Survey Report က ဘယ်လိုအကျိုး ကျေးဇူးရရှိနိုင်မှာပါလဲ။


ဖြေ ။    ။ လက်ရှိ မြန်မာနိုင်ငံမှာ   စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ဆောင်ရွက်နေတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသာမက မြန်မာ နိုင်ငံကို လာရောက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဆောင်ရွက်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း စဉ်များသာမက ၎င်းတို့နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ လုပ်ထုံးလုပ်နည်းများ၊ ကုန်ကျစရိတ်များကို တစ်စုတစ်စည်းတည်း သိရှိနိုင်မှာဖြစ်ပါတယ်။ Cost of Doing Busi-ness in Myanmar Survey Reportကို လေ့လာဖတ်ရှုခြင်းဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မြန်မာနိုင်ငံကို လာရောက် ရင်းနှီးမြှုပ်နှံဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။


ဒီစာအုပ်က နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ရည်ရွယ်ပြီးတော့ ထုတ်ဝေတဲ့စာအုပ် တစ်အုပ်လည်း ဖြစ်တဲ့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ တိုးတက် အောင် ဆွဲဆောင်ဖို့လည်း ဖြစ်ပါတယ်။ စာအုပ်ကို အခုအချိန်အထိတော့ ရောင်းချဖို့မရှိသေးပါဘူး။ ဌာနရဲ့ တရားဝင်စာမျက်နှာ (www.dica.gov.mm)မှာ ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။


ယခုလို ဖြေကြားပေးတာ  ကျေးဇူးတင်ပါတယ်။


ဦးမင်း​ဇော်ဦး

တွေ့ဆုံမေးမြန်း-ကိုသိုက်

ဓာတ်ပုံ-လင်းလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)