MNP - မေ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကုန်းကျေးရွာရှိ တောင်သူဦးပေါ်လင်၏ လယ်ယာမြေ(၃)ဧက၌ မြေဆီလွှာအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်အတွက် သဘာဝသစ်စိမ်း မြေသြဇာ(ပိုက်ဆံလျှော်)မျိုးစေ့ကြဲ စိုက်ပျိုးနည်းကို တောင်သူများအား လက်တွေ့သရုပ်ပြသခြင်းနှင့် အသိပညာပေးဆွေးနွေးပေးခြင်းလုပ်ငန်းကို ယနေ့နံနက်(၈)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မှ ဝန်ထမ်းများက ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြသည်။
မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဇော်ဦးက တောင်သူများအနေဖြင့် နှစ်စဉ်လယ်ယာ လုပ်ငန်းကို စိုက်ပျိုးလုပ်ကိုင်နေကြသည့်အတွက် လယ်ယာမြေများမှာ မြေဆီလွှာအာဟာရဓာတ်များ လျော့နည်းလာသဖြင့် သဘာဝသစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) စိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖြည့်စွက် ပြုပြင်နိုင်ပြီး မိမိတို့၏ လယ်ယာမြေတွင် စိုက်ပျိုးသည့် စပါးအထွက်တိုးအောင်ဆောင်ရွက်နိုင်ကြောင်း၊ ကျွဲ/နွားများ အသုံးပြုထွန်ယက်စိုက်ပျိုးမှုနည်းပါးခြင်းကြောင့် ကျွဲချေး၊ နွားချေးကို လယ်ယာမြေများတွင် မထည့်နိုင်ကြတော့သဖြင့် သဘာဝမြေသြဇာအစား သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကို အစားထိုးပြီး စိုက်ပျိုးအသုံးချနိုင်ကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့(၁) ပြည်လျှင် ငွေ(၄၀၀၀)ကျပ်နှုန်းဖြင့် ထယ်ရေးထွန်ထားသည့် လယ်ယာမြေတစ်ဧကလျှင် မျိုးစေ့(၃)ပြည်ဝန်းကျင် စိုက်လျှင်ရကြောင်း၊ (၆)နာရီခန့်ရေ စိမ်ထားသောမျိုးစေ့များကို ကြဲပက်ရကြောင်း၊ အပင်ပေါက်ရှင်သန်ပြီး (၄၅)ရက်သား အချိန်တွင် ထယ်ထိုး၊ ထယ်မှောက်ပြီး မြေကြီးထဲမြုပ်နှံ၍ အပုပ်ခံရကြောင်း၊ (၁၀)ရက်ဝန်းကျင်ခန့်၌ လယ်မြေတွင် ရေသွင်းပြီးနောက် ချက်ခြင်းစိုက်ပျိုး၍ရကြောင်း၊ ပိုက်ဆံလျှော်ပင်မှာ မြေဆီလွှာအစိုဓာတ်ကို ကြာရှည်စွာထိန်းသိမ်းပေးနိုင်ခြင်းနှင့် အလွယ်တကူစိုက်ပျိုးနိုင်ခြင်း၊ မျိုးစေ့များကိုလည်း စီးပွားရေးတစ်ခုအနေဖြင့် စိုက်ပျိုးထုတ်လုပ်၍ရကြောင်း ပညာပေးဆွေးနွေးခဲ့သည်။
စပါးစိုက်တောင်သူ ဦးပေါ်လင်က ကျွန်တော့်လယ်မြေမှာအရင်က ဓာတ်မြေသြဇာလည်းသုံး၊ သဘာဝနွားချေးလည်းသုံးခဲ့ဖူးတယ်၊ အခုအချိန်မှာက ဓာတ်မြေသြဇာဈေးက မြင့်တက်နေတယ်၊ သူ့ကိုသုံးရင်လည်း ကိုယ့်မြေကပျက်ဖို့များတယ်၊ သဘာဝသစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်)က မြေလည်း မပျက်ဘူး၊ မြေဆီ၊ မြေသြဇာဓာတ်လည်းမြင့်မားလာမယ်ဆိုရင် စပါးလည်းအထွက်နှုန်းတိုးလာမယ်၊ စပါးစိုက်၊ ပျိုး၊ ရိတ်သိမ်းချွေလှေ့ရတာအရမ်းပင်ပန်းတာကို စပါးစိုက်တောင်သူများက ပိုသိကြပါတယ်၊ သွင်းအားစု ဓာတ်မြေသြဇာစရိတ်သက်သာပြီး လယ်ယာမြေအတွက်မြေဆီ၊ မြေသြဇာတိုးတက်ကောင်းမွန်အောင် တောင်သူများကို နည်းပညာနဲ့အသိပညာများ ကွင်းဆင်းပြီးဆွေးနွေးပြောပြပေးသည့် စိုက်ပျိုးရေးဦးစီးဌာနကို ကျေးဇူးတင်ကြောင်း ပြောပြခဲ့သည်။
သတင်း - လင်းသန့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment