MNP ၊ မေ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က တာဝန်မှ ကင်းကွာနေသည့် အခြေခံပညာရေးဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်လိုသူများ အယူခံတင်သွင်းနိုင်ကြောင်း ထုတ်ပြန်ထားသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် "အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များ ပညာနို့ရည်ကို အပြည့်အဝ သောက်စို့နိုင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန် အတွက် အတွေ့အကြုံရှိ ဆရာ၊ ဆရာမများ လိုအပ်ပါသည်။ ခြိမ်းခြောက် အကြပ်ကိုင်ခံရမှုကြောင့်လည်းကောင်း၊ ငြိမ်းချမ်းစွာဆန္ဒပြမှုများတွင် ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း စိုးရိမ်ကြောင့်ကြမှုများကြောင့် တာဝန်မှ ကင်းကွာခဲ့သော ပညာရေးဝန်ထမ်း ဆရာ/ ဆရာမ၊ ဝန်ထမ်းစည်းကမ်းဖြင့် အရေးယူခံထားရသည့် ဆရာ/ ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ် လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာ ဟူသော နာသုံးနာကို ရှေးရှု၍ သင်ကြားရေး တာဝန်များကို ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏ သဘောဆန္ဒအလျှောက် မိမိတို့ နောက်ဆုံး တာဝန်ထမ်းဆောင်ခဲ့ရာ ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးများသို့ဖြစ်စေ၊ မိမိတို့ လက်ရှိနေထိုင်ရာ ဒေသရှိ နီးစပ်ရာ မြို့နယ်ပညာရေးမှူးရုံး သို့ ဖြစ်စေ သတ်မှတ်ပုံစံများ ဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့ အတွက် ၃၁ - ၅ - ၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ကြရန် ဖြစ်ပါသည်။" ဟု ဖော်ပြထားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ယမန်နှစ် ကျောင်းများစတင် ဖွင့်လှစ်စဉ်မှစ၍ မဲသူခိုး NLD အကြမ်းဖက်အုပ်စုကို ထောက်ခံအားပေးပြီး CDM တွင် ပါဝင်ခဲ့သော ဆရာ၊ ဆရာမများကိုလည်း ငဲ့ညှာထောက်ထားပြီး ပြန်လည်တာဝန်ထမ်းဆောင်လိုသူများကို တာဝန်ပြန်လည်ထမ်းဆောင်ခွင့် ပေးခဲ့သည်။ ထိုသို့ ပြန်လည်တာဝန်ခန့်အပ်သည်ကို အခွင့်ကောင်းယူ၍ NLD အကြမ်းဖက်အုပ်စုကို ထောက်ခံအားပေးသော ဆရာ၊ ဆရာမ တချို့က စာသင်ခန်းအတွင်းမှာပင် နိုင်ငံရေး ဆူပူအကြမ်းဖက်မှုများ ပြုလုပ်စဉ်က သီချင်းများကို ကျောင်းသား၊ ကျောင်းသူများအား သီဆိုစေခြင်းများ ပြုလုပ်ခဲ့သည့် အပြင် CDM မလုပ်သည့် ဆရာ၊ ဆရာမများကို Social Punishment လုပ်သည်အထိ အဖျက်အမှောင့် လုပ်ငန်းများကို အားပေးကူညီခဲ့ကြသူများ ရှိသည်။
NUG အကြမ်းဖက်အဖွဲ့ထံမှ ထောက်ပံ့ကြေး ရမည်ဟု ထင်ပြီး CDM လုပ်ခဲ့သည့် ဆရာ/ ဆရာမ များ အပြင် အခြားသော ဌာနဆိုင်ရာ ဝန်ထမ်းများမှာ အထောက်အပံ့မရဘဲ NUG အကြမ်းဖက်အဖွဲ့ဝင်များက ရရှိသည့် အထောက်အပံ့များကို ကိုယ်ကျိုးစီးပွား အတွက်သာ အသုံးချသွားခဲ့ခြင်းကြောင့် အတိဒုက္ခ ကြုံတွေ့နေကြရသူများလည်း ရှိသည်။
နစက အနေဖြင့် အကြမ်းဖက်အားပေး လုပ်ခဲ့သည့် ဆရာ/ ဆရာမများကိုလည်း မူလတာဝန်များ ပြန်လည် ထမ်းဆောင်နိုင်စေရန် အခွင့်အရေးပေးခြင်းမှာ မိမိတို့၏ နိုင်ငံသားများ အတိဒုက္ခမရောက်စေရန် သဘောထားကြီးစွာဖြင့် အခွင့်အရေးပေးသည့်အပေါ် အစွန်းရောက်စိတ်များကို ပယ်ဖျောက်၍ မိမိတို့တိုင်းပြည်၏ အနာဂတ်ရင်သွေးငယ်များ အရေးကို ရှေးရှုပြီး မူလတာဝန်များကို ပြန်လည်ထမ်းဆောင်လိုသူများအနေဖြင့် ပြန်လည်ထမ်းဆောင်သင့်ကြောင်း၊ တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သူများအနေဖြင့်လည်း မိမိတို့၏ လုပ်ဖော်ကိုင်ဖက်များအပေါ် အကြမ်းဖက်သမားများက ရက်စက်စွာ လုပ်ကြံသတ်ဖြတ်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်မှုများ မပြုလုပ်သင့်ကြောင်း ဆရာတစ်ဦးက သုံးသပ်ပြောဆိုသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment