ကံစီမံရာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကံစီမံရာ


အကြမ်းဖက်မှုတွေ အဆုံးသတ်စေချင်ပါပြီ။ သံဃာတော်တွေလည်း သတ်၊ ဆရာ/ဆရာမတွေလည်း သတ်။ စာသင်ကျောင်းတွေလည်း ဖျက်။ အကြမ်းဖက်လုပ်ရပ်တွေကို အဆုံးမသတ်နိုင်ကြသေးဘူး။ အသိတရား ခေါင်းပါးနေကြတုံးပဲ။ ဆင်ကန်းတောတိုး မိုက်ရူးရဲဆန်နေကြတုန်းပါပဲ။ ပြည်ပြေး လက်ပါးစေ ပြည်ဖျက်မိစ္ဆာဝါဒီတွေရဲ့ လှုံ့ဆော်မှုနောက်မှာ တိုင်းရင်းသားပြည်သူတွေ ဆင်ခြင်တုံတရား ကင်းမဲ့စွာနဲ့ ကိုယ့်တိုင်းရင်းသားပြည်သူအချင်းချင်း ရန်လိုအမုန်းပွားနေကြတုန်းပဲ။ ရက်စက်ယုတ်မာနေကြတုန်းပဲ။


အပြစ်မဲ့ ပြည်သူတစ်ဦးကို သေနတ်နဲ့ချိန် ခင်ဗျားဒလန်လားဆိုပြီး လိုက်ပစ်သတ်တဲ့ အလုပ်မျိုးကိုလည်း သူတို့လုပ်ဝံ့ကြတယ်။ ဘုန်းတော်ကြီးကျောင်းကို ဒရုန်နဲ့ ဗုံးပစ်ချတယ်ဆိုတဲ့ လုပ်ရပ်တွေ၊ ကျောင်းထိုင်ဘုန်းကြီးကို ဝင်သတ်ပြီး အလှူငွေတွေနဲ့ ကားကို ယူသွားတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေရဲ့ လုပ်ရပ်တွေကို ကြည့်လိုက်ရင် NLD အစွန်းရောက်တွေကို ဘာသာခြားအဖွဲ့အစည်းတွေက ကြိုးကိုင်နေပြီ။ သာသနာဖျက်လုပ်ရပ်တွေ လုပ်ဖို့ စေ့ဆော်တိုက်တွန်းနေကြပြီ ဆိုတာ ငြင်းလို့ မရတဲ့ လုပ်ရပ်တွေ ဖြစ်လာပါပြီ။


ယမန်နှစ် ကျောင်းဖွင့်ချိန်တုန်းကလည်း မင်းကိုနိုင်၊ ဇော်ဝေစိုး၊ မျိုးရန်နောင်သိန်း၊ ပန်ဆယ်လို တို့လို ပြည်ပြေးတွေက ကျောင်းသားမိဘတွေ ကျောင်းမထားဝံ့အောင်၊ ကျောင်းသား ကျောင်းသူတွေ ကျောင်မတက်ရဲအောင် လှုံ့ဆော်တယ်။ ပြည်တွင်းက အစွန်းရောက် အကြမ်းဖက်သမားလေးတွေက ပြည်ပြေး အစွန်းရောက် လက်ပါးစေတွေ ခိုင်းစေသမျှ စာသင်ကျောင်းတွေကို ဖျက်ဆီးတယ်၊ ဗုံးခွဲတယ်။ ဆရာ/ ဆရာမတွေကို လုပ်ကြံသတ်ဖြတ်သည်အထိ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်လာကြတယ်။ 


ဒီနှစ် မျိုးဆက်သစ် ကလေးငယ်များ ပညာရေးအတွက် မေလ ၂၆ ရက်နေ့ကစပြီး ကျောင်းအပ်လက်ခံနေကြပြီ။ ကျောင်းသားမိဘအများစုက ပြည်ပြေး အစွန်းရောက်တွေရဲ့ လေလှိုင်းပေါ်က မက်လုံးပေးမှုတွေဟာ ယတ္တိမရှိဘူးဆိုတာကို သိရှိနားလည်လာကြတယ်။ ကလေးတွေကို ကျောင်းအပ်နှံကြတယ်။ သို့ပေသော် ပြည်ပသြဇာခံ လက်ပါးစေ ပြည်ပြေး အုပ်စုရဲ့ ခိုင်းနွား အကြမ်းဖက်သမားအုပ်စုကလည်း သီးသန့် ရှိနေတယ်။ မိမိတို့ လုပ်နေတဲ့ လုပ်ရပ်တွေအပေါ် စိစစ်ဝေဖန်ခြင်းမရှိဘူး။ ငွေပေးပြီး ခိုင်းစေရင် ဘာမဆိုလုပ်မယ်ဆိုတဲ့ အကြမ်းဖက်သမား ခိုင်းနွားလေးတွေက ကျောင်းတွေကို ဖျက်ဆီးလာကြတယ်။ အစိုးရက မျိုးဆက်သစ်ကလေးငယ်များအတွက် ထောက်ပံ့ပေးတဲ့ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်တွေကို လုယူပြီး မီးရှို့ဖျက်ဆီးတာမျိုးတွေ လုပ်လာတယ်။ နောက်တစ်ဖွဲ့ကတော့ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်တွေကို လုယူသွားတယ်လို့ သိရပါတယ်။ NUG အကြမ်းဖက်အဖွဲ့ ကျောင်းဖွင့်နိုင်ဖို့များ စာအုပ်တွေ ဓားပြတိုက်ပေးနေသလား။ စဉ်းစားမိပါတယ်။ 


မေလ ၂၈ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြောက်ရွာရပ်၊ အာဇာနည်လမ်းပေါ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းကို PDF အမည်ခံအကြမ်းသမားများက လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ခြင်းကြောင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး  အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။ မေလ ၂၉ရက်နေ့က ကလေးမြို့ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းကို NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးသွားလို့ စာသင်ကျောင်းဆောင် ၂ဆောင်နဲ့ စာသင်ခုံများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ 


မေ ၂၉ ရက် နံနက် ၉ နာရီခန့်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တွင် အသုံးပြုရန်အတွက် ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များပါဝင်သော ပီနံအိတ် ၄၁ အိတ်နှင့် စက္ကူဂျပ်ဖာ ၄၁ ဖာတို့ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်ပညာရေးမှူးရုံးမှ ဖောင်းပြင်မြို့နယ် ပညာရေးမှူးရုံးသို့ ပို့ဆောင်ရန် မော်လိုက်-ဖောင်းပြင် ကုန်တင်ရေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ရာ မော်လိုက်မြို့နယ်၊ ယုဝကျေးရွာအနီးသို့ အရောက်၌ လက်နက်ကိုင် ဆောင်ထားတဲ့ NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂၀ ဦးခန့်က ရေယာဉ်အား တားဆီးကာ ကျောင်းသုံးဗလာစာအုပ်များနှင့် ပုံနှိပ်စာအုပ်များကို လုယက်ယူဆောင်သွားခဲ့ကြပါတယ်။ PDF အကြမ်းဖက်သမားများ လုယက်ယူဆောင်သွားသည့် ကျောင်းသုံးဗလာစာအုပ် များနှင့် ပုံနှိပ်စာအုပ်များသည် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အသုံးပြုရန်အတွက် ပေးပို့သည့် စာအုပ်များဖြစ်ပြီး ကျောင်းသုံးဗလာစာအုပ် ဒါဇင် ၁၀၀၀ (၁၂၀၀၀ အုပ်)၊ Grade-11 သင်ရိုးအတွက် စာရိတ္တနှင့် ပြည်သူ့နီတိပုံနှိပ်စာအုပ် ၂၅၀၀ အုပ်၊ ရူပဗေဒပုံနှိပ် စာအုပ် ၁၁၀၀ အုပ်နှင့် ရူပဗေဒလက်တွေ့ပုံနှိပ်စာအုပ် ၁၁၀၀ အုပ်၊ စုစုပေါင်း ပုံနှိပ်စာအုပ် ၄၇၀၀ အုပ် ပါသွားခဲ့ပါတယ်။ 


အလားတူဖြစ်စဉ်မျိုး မေ ၂၄ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ အောက်သရက်ချောင်းကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့် အကွာရှိ ထားဝယ် - မြိတ် ပြည်ထောင်စု လမ်းမကြီးပေါ်၌ မြိတ်ခရိုင်အတွင်းရှိ စာသင်ကျောင်း များသို့ ဖြန့်ချိမည့် ကျောင်းသုံးပုံနှိပ်စာအုပ်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ် ၂ စီး အား PDF အမည်ခံအကြမ်းဖက်သမားများက တားဆီးရပ်တန့်၍  ကျောင်းသုံးပုံနှိပ်စာအုပ်များ ထည့်ထားသည့် ဆာလာအိတ် ၁၅၉၇ ထုပ်အနက်မှ ဆာလာအိတ် ၄၈ ထုပ်ကို ကားလမ်းဘေးသို့ချ၍ မီးရှို့ဖျက်ဆီးလိုက်ကြပါတယ်။ ထို့အတူ မေလ ၁၁ ရက်နေ့ ည ၁၀ နာရီတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ တုန်းပေါကျေးရွာရှိ တုန်းပေါအခြေခံပညာအလယ်တန်းကျောင်းသို့ PDF အကြမ်း ဖက်သမား ၃ ဦးခန့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်၍ ၂ ထပ် စာသင်ကျောင်း ဆောင်ရှိ ကျောင်းအုပ်ကြီး ရုံးခန်းနှင့် စာသင်ခန်းတစ်ခန်းအတွင်းမှ ပစ္စည်းများအား ဖျက်ဆီးခဲ့သွားခဲ့ပါတယ်။


ဒီထက်ပိုဆိုးပြီး လူကိုအန္တရာယ်ပြုလာတဲ့ လုပ်ရပ်ကတော့ ချင်းပြည်နယ်၊ ဖလမ်းမြို့၊ ထုတ်လိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းအပ်လက်ခံနေတဲ့ ကျောင်းအုပ်ကြီး ဦးကိုအောင်ကျော် ကို NLD အစွန်းရောက် CDF အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားကြပါသတဲ့ဗျာ။ အဆုံးစွန်ကို တွက်မယ်ဆိုရင်တော့ အကြမ်းဖက်သမား လက်ထဲ ရောက်ပြီးရင် ဘေးအန္တရာယ်ကင်းကင်းနဲ့ ပြန်ရောက်လာနိုင်ဖို့ မလွယ်တော့ပါဘူး။


ကျွန်တော့်ဆောင်းပါးကို ကံစီမံရာ လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဒါကို အလွယ်တွေးသူကတော့ ဖြစ်သမျှအကြောင်း အကောင်းပေါ့ဆိုပြီး လွယ်လွယ်တွေးကောင်း တွေးနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွင်းမှာ ယနေ့ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်နေကြတာက NLD ပါတီကနေ ပေါ်ပေါက်လာတဲ့ အမည်မျိုးစုံနဲ့ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေဖြစ်တယ်။ ဒီလူတွေကို ပြည်ပသြဇာခံ ပြည်ပေးအုပ်စုက လှုံ့ဆော်ခြင်းသက်သက် မဟုတ်ဘဲ ငွေကြေး၊ လက်နက်ပါပေးပြီး ခိုင်းစေနေခြင်းကြောင့် ဒီလိုတွေ ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ လူမဆန်တဲ့ လုပ်ရပ်တွေကို တွေ့ရ မြင်ရရင် အစိုးရ ဘာလုပ်နေလဲ။ အစိုးရက ဒီအတိုင်းကြည့်နေတော့မှာလား။ အစိုးရကိုပဲ အပြစ်မြင် ပြောဆိုကြပါတယ်။ စာရေးသူလည်း ထို့အတူပါပဲ။ ဘာကြောင့် အစိုးရကို အပြစ်ပြောသလဲ မေးရင် ဥပဒေနဲ့အညီ လုပ်သင့်တဲ့ အလုပ်ကို မလုပ်လို့၊ ပြတ်ပြတ်သားသား မလုပ်လို့ အစိုးရကို အပြစ်တင်ခြင်းပဲဖြစ်ပါတယ်။


အခြေအနေနဲ့ အချိန်အခါကို တွက်ဆကြည့်ရင် အစိုးရက အစိုးရလိုတွေးမယ်။ တပ်မတော်ဆိုတာ ပြတ်သားရမယ်လို့ မြင်တဲ့ အမြင်က ကျွန်တော်တို့ အမြင်ပဲ။ တပ်မတော်တစ်ရပ်က ကာကွယ်ရေးရော၊ နိုင်ငံရေးကိုပါ တာဝန်ယူထားတဲ့အခါမှာ နိုင်ငံရေးအရ တွေးဆနေတာလည်း ရှိမယ်။ မပြတ်သားတဲ့ ရပ်တည်ချက်ကိုလည်း တစ်နှစ်ကျော်ကြာ ကာလကို ဖြတ်သန်းလာပြီး ဖြစ်တဲ့အတွက် ပြတ်သားဖို့ အရမ်းကာရော တိုက်တွန်းနေလဲ စကားတွေ ပိုတာပဲ ရှိမယ်။ 


ကံစီမံရာ ဆိုတဲ့ သဘောက PDF လာသတ်လည်း အသေခံဖို့ပဲ မဟုတ်ပါဘူး။ ကံ ဆိုတာ အလုပ် လို့ ကျွန်တော်တို့ အားလုံး နားလည်ထားတယ်။ ဖြစ်သမျှအကြောင်းဟာ ကံပဲဆိုပြီး လက်မှိုင်းချနေဖို့ မဟုတ်ပါဘူး။ အကြမ်းဖက်သမားတွေက အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို အားပေးခြင်းမရှိရင်၊ ထောက်ခံခြင်း မရှိရင် အန္တရာယ် ကျရောက်နိုင်ခြေ ရှိတဲ့သူတွေကလည်း တွက်ဆရမယ်။ လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ ကျောင်းတွေ မဖွင့်ခင်ကတည်းက စာရေးသူ ရုပ်သံထုတ်လွှင့်ပြီး ပြောဆိုခဲ့တာတစ်ခု ရှိပါတယ်။ အဲဒါကတော့ အကြမ်းဖက်သမားတွေ အလွန်အမင်းဆိုးသွမ်းနေတဲ့ ဒေသမှာ ရှိနေတဲ့ ဆရာ၊ ဆရာမဖြစ်စေ အခြားဝန်ထမ်းဖြစ်စေ အလုပ်ကို မြတ်နိုးခုံမင်ပါတယ်ဆိုပြီး တွယ်တာမနေနဲ့။ အန္တရာယ်မကင်းရင် ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ် လုပ်သင့်တာကို လုပ်။ အလုပ်ပြုတ်လည်း တခြားနည်းနဲ့ ရပ်တည်ဖို့ ကြိုးစားရမှာပေါ့ဗျာ။ ကိုယ်က အလုပ်ကို ခုံမင်ပေမယ့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက ခုံမင်ခွင့် ပေးမှာ မဟုတ်ဘူးဆိုတာ သိရမယ်လေ။ တည်ငြိမ်အေးချမ်းတဲ့ အရပ်၊ လုံခြုံရေးကောင်းမွန်တဲ့ အရပ်မှာ ပညာရေး၊ ကျန်းမာရေး လုပ်သင့်တဲ့ အလုပ် မှန်သမျှ လုပ်ပါ။ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူး။ အကြမ်းဖက်သမား သောင်းကျန်းနေတဲ့ နေရာမျိုး ဖိအားပေးပြီး မခိုင်းကြပါနဲ့။ လုပ်လို့ ရမှလုပ်။ လုပ်လို့ မရတဲ့ အလုပ်ကို အသက်နဲ့ ရင်းပြီး မလုပ်နဲ့။ မလုပ်နဲ့ ဆိုတာက အကြမ်းဖက်သမားနဲ့ ယှဉ်ပြီး မမိုက်လိုကြဘူး၊ အကြမ်းဖက်သမားဖြစ်နေတာလေးတွေလကည်း ကိုယ့်တပည့်သားမြေးတွေ ပါနေတယ်။ ပြောလို့လည်း အသိတရားမရနိုင်ဘူး။ တိုင်းတပါးသားက ကျူးကျော်ဝင်ရောက်ပြီး တိုက်ခိုက်နေတာဆိုရင်တော့ ရတဲ့နည်းနဲ့ ခုခံတော်လှန် ကြမှာပဲ။ လွတ်လပ်ရေးရဖို့ ဒီနည်းနဲ့ တိုက်ခဲ့ကြရတာပဲ။ 


အခုက အသားထဲက လောက်ထွက်၊ ပြည်ပြေး ပြည်ပသြဇာခံတွေရဲ့ လှုံ့ဆော်မှုနဲ့ ကိုယ့်တပည့်သားမြေးတွေက အကြမ်းဖက်နေကြတာဆိုတော့ တိုက်တွန်းရတာ ခက်ခဲတယ်။ ယှဉ်ပြိုင်ပြီး မိုက်နေလို့လည်း မသင့်တော်ဘူး။

ကျွန်တော်တို့က ပြည်သူဖြစ်တယ်။ ပြည်သူတွေရဲ့ သဘောထားတွေကို သိတယ်။ ပြည်သူတွေထဲမှာ နီပိန်းမှိုင်းမိနေတဲ့ သူတွေအကြောင်းကို ပိုပြီး သိတယ်။ တော်ရုံတန်ရုံ အစွဲချွတ်လို့ မရဘူး။ သို့ပေသော် နစက က စေတနာထားပြီး လုပ်တယ်။ မေတ္တာတရားနဲ့ လုပ်တယ်ပေါ့ဗျာ။ သူ့ရဲ့ စေတနာ မေတ္တာတွေကို သွားပြီး ပိတ်ပင်လို့လည်း မရဘူး။


အားလုံးကတော့ ကိုယ်လုပ်တဲ့ အလုပ် (ကိုယ်ပြုတဲ့ ကံ) နဲ့ ညီမျှတဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ရကြမှာ မလွဲပါဘူး။ အစိုးရနဲ့ အကြမ်းဖက်သမားတွေရဲ့ ကြားထဲမှာ ဗျာများနေရတဲ့ ပြည်သူတွေအနေနဲ့လည်း ကိုယ်လုပ်သင့်တဲ့ အလုပ်ကို လုပ်ရမယ်။ အကြမ်းဖက်နှိမ်နင်းရေး လုပ်မှာလား။ အကြမ်းဖက်သမားများကို မိမိမှာ နှိမ်နင်းနိုင်တဲ့ အင်အားရှိလား။ ရှိရင် နှိမ်နင်းမယ်။ မရှိဘူးဆိုရင် တိမ်းရှောင်သင့်ရင်လည်း တိမ်းရှောင်ရမယ်။ 


စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက အကြမ်းဖက်ဘေးအန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရသူတွေအကြောင်း ပြောပြချင်တယ်။ ဒီလူတွေက ကျွန်တော်နဲ့ ကိုယ်တိုင်တွေ့ပြီး သူတို့ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို မေးမြန်းခွင့် ရခဲ့လို့ပါ။ ကိုယ့်ရွာသူ ရွာသားအချင်းချင်း နီပိန်းတွေက အကြမ်းဖက်သမားစိတ်ပေါက်ပြီး လိုက်ပြဿနာရှာကြတာ။ မနေ့တစ်နေ့ကမှ လူဖြစ်တဲ့ ကလေးမကို သက်ကြီးရွယ်အိုက ထိုင်ကန်တော့ပြီး တောင်းပန်ရတဲ့ အဖြစ်မျိုးတွေ ကြုံခဲ့တယ်။ အဲဒီလို တောင်းပန်လို့လည်း အန္တရာယ်ကင်းပြီ မမှတ်နဲ့။ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတယ်။ မိသားစုဝင်တွေကို သတ်တယ်။ ကိုယ့်ရွာသူ ရွာသားအချင်းချင်း လုပ်ကြတဲ့ အကြမ်းဖက်မှုတွေဖြစ်တယ်။ အဲဒီလိုတွေ ရင်ဆိုင်ကြုံတွေ့ရပြီး ခိုကိုးရာမဲ့ အိုးမဲ့အိမ်မဲ့ ဘဝတွေ ရောက်ကုန်ကြတယ်။


အဲဒီလိုတွေ ဖြစ်နေပြီဆိုတာကို ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာက ဆရာတော်ဦးဝါသဝ က ကြားသိရတော့ ကယ်နိုင်သလောက် ကယ်မယ်ဆိုပြီး ကာပေါင်းကျရွာကနေ အဝတ်တစ်ထည်ကိုယ်တစ်ခု ကလေးတွေ တိုးလို့တွဲလောင်း၊ မျက်ရည်စက်လက်နဲ့ ပြေးနေကြရတဲ့ သူတွေကို သွားခေါ်တယ်။ ကျောင်းမှာ စောင့်ရှောက်ထားတယ်။ ကျွေးမွေးဖို့ အခက်အခဲ ဖြစ်လာတဲ့အခါ လှမ်းပြီး အကူအညီတောင်းတယ်။ ကျွန်တော်တို့လည်း တတ်နိုင်သလောက် ဝိုင်းဝန်းလှူဒါန်းခဲ့ကြတယ်။ 


အဲဒီဆရာတော်က အကြမ်းဖက်ဘေးအန္တရာယ်သင့်နေတဲ့ သူတွေကို ကယ်စရာလား။ မကယ်ဘဲ သူ့ကျောင်းမှာသူ အေးအေးဆေး နေလို့ မရဘူးလား။ ရတာပေါ့။ ဒါပေမယ့် သူမနေနိုင်ဘူး။ အသက်အန္တရာယ်ခြိမ်းခြောက်သည်အထိ လုပ်နေကြပြီဆိုတော့ ဗုဒ္ဓရဲ့ သားတော်၊ မေတ္တာတရားနဲ့ လူတွေကို စောင့်ရှောက်တဲ့သူ။ အခုက မေတ္တာပို့နေရုံနဲ့ မရတော့ဘူး။ ကာယကံမြောက် ကူညီမှ ရတော့မယ်ဆိုပြီး ကူညီခဲ့တာ အခုထိအောင် ဆရာတော် ဦးဝါသဝရဲ့ ကျောင်းဟာ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများ ထွက်ချီဝင်ချီ ခိုနားရာ ဖြစ်နေပါတယ်။


ဦးဝါသဝ ဒီအလုပ်ကို လုပ်ပါလို့ ဘယ်သူကမှလည်း တာဝန်ပေးတာမဟုတ်ဘူး။ သူ့မှာလည်း ဘာတာဝန်မှ မရှိဘူး။ သို့ပေသော် သူ့ရဲ့ အလုပ် (သူပြုသော ကံ) ကြောင့် လူပေါင်းများစွာ အသက်ဘေးအန္တရာယ်က ကင်းလွတ်ခဲ့ရတယ်။ အခုဆိုရင် ဆရာတော် ဦးဝါသ က အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကယ်တင်စောင့်ရှောက်ရုံတင် မဟုတ်တော့ဘူး။ အကြမ်းဖက်လုပ်ရပ်တွေ မလုပ်ကြဖို့၊ ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်ကြဖို့၊ ရွာမနာအောင် စောင့်ရှောက်ကြဖို့ ရွှေပြည်အေး တရားပါ လိုက်ဟောပေးနေရတယ်။ အန္တရာယ်တွေကို သူမသိလို့ မဟုတ်ဘူး။ အန္တရာယ်တွေကို ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ပြီး သူလိုက်လုပ်နေခြင်းဖြစ်တယ်။


တာဝန်ရှိသူတွေက တာဝန်တော့ ယူထားရဲ့။ သူတို့ကို အထိမခံနိုင်ဘူး။ သူတို့ မိသားစု အထိမခံနိုင်ဘူး။ အတူတူပဲ။ မိသားစု ရှိတဲ့ သူအားလုံး စဉ်းစားချင့်ချိန်ပြီး နေကြရတယ်။ တခါတလေ မင်းဘာလဲ ငါဘာလဲ လုပ်လိုက်ချင်ပေမယ့် ကိုယ့်နောက်က သယုဒယကြိုးတွေကြောင့် ဇွတ်မတိုးရဲကြဘူး။ ပြတ်ပြတ်သားသား မလုပ်ရဲကြဘူး။


စာရေးသူ ပြောရဲပါတယ်။ မြန်မာတစ်နိုင်လုံးမှာ ဦးဝါသဝလို လူမုန်းခံပြီး အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကာကွယ်ပေးနေတဲ့သူ မရှိဘူး။ ဘုန်းကြီးလည်း မရှိဘူး။ လူလည်း မရှိဘူး။ ဆရာတော်နဲ့ အဆက်အသွယ်ရခဲ့လို့ မိမိတို့ တတ်နိုင်သလောက် ကူညီပေးခဲ့တာကလွဲရင် ဆရာတော့်လို ဘယ်မှာ စောင့်ရှောက်နိုင်မလဲ။


တာဝန်ရှိသူတွေအနေနဲ့ က ဆရာတော်ဦးဝါသဝလို ဘာတာဝန်မှ ယူမထားတဲ့ ပုဂ္ဂိုလ်တစ်ယောက်၊ သံဃာတစ်ပါးကတောင် ဒီလောက် လုပ်နေတာ။ ငါတို့မှာ တာဝန်အပြည့်အဝ ရှိတယ်ဆိုတာကို နှလုံးပိုက်ပြီး အလုပ် လုပ်ကြမယ် ဆိုရင် ကောင်းတာလုပ်တဲ့ အတွက် ကောင်းကျိုးရမှာ မလွဲပါဘူး။ ဆရာတော် သံဃာတော်များကိုလည်း လျှောက်ထားလိုပါတယ်။ ဆရာတော် ဦးဝါသဝလို လုပ်နိုင်စွမ်းမရှိဘူး။ မိမိနေတဲ့အရပ်ဟာ အန္တရာယ်မကင်းဘူးဆိုရင် တခြားသော ဒကာ၊ ဒကာမများ ရှိရာ တိမ်းရှောင်နေခြင်းက ပိုမိုသင့်တော်ပါတယ်။ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများဟာ သံဃာတော်များကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ လုပ်လာတယ်။ ဆရာတော်သံဃာတော်တွေထံ လှူဒါန်းထားတဲ့ ငွေကြေးတွေကို မျက်စောင်းထိုးလာကြတယ်။ လွန်စွာ အန္တရာယ်များတဲ့အတွက် ရိုသေစွာ လျှောက်ထားအပ်ပါတယ်။


တာဝန်မရှိဘူးဆိုပေမယ့် တာဝန်သိ ပြည်သူတွေ အနေနဲ့ကလည်း ဒီအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဘာလုပ်ရမယ်လို့ တိုက်တွန်းခြင်းမဟုတ်ပါဘူး။ ကိုယ့်အတွက် ကိုယ့်မိသားစုအတွက် အန္တရာယ်ရှိနေလား။ အစိုးရကို အပြစ်နောက်မှတင်။ ကိုယ်လုပ်သင့်တာကို အရင်လုပ်။ အလုပ် ကောင်းမှ ကံကောင်းမယ်ဆိုတဲ့ အတိုင်း မိမိတို့ လုပ်ရပ်ဟာ ကောင်းကျိုးကို ဦးတည်တဲ့ လုပ်ရပ်ဖြစ်ရမယ်။ အများအတွက် မစွမ်းနိုင်ရင်တောင် မိသားစု ဘေးအန္တရာယ်ကင်းအောင် ဆောင်ရွက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။


အကြမ်းဖက် လုပ်ရပ်တွေ ကျူးလွန်နေသူတွေဟာလည်း သူတို့ သူတို့ကျူးလွန်တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ဆိုးကျိုးကို ရမှာမလွဲပါဘူး။ တာဝန်ရှိသူ ဖြစ်ပါလျက် တာဝန်မဲ့ အဂတိလိုက်စားသူတွေသည်လည်း သူတို့ကျူးလွန်တဲ့ ပြစ်မှုနဲ့ ထိုက်တန်တဲ့ ဆိုးကျိုး ရမှာ မလွဲပါဘူး။ အဲဒါတွေကို ကိုယ်က လိုက်ဖန်တီးပေးဖို့ မဟုတ်ပါဘူး။ ကိုယ်က ဖန်တီးပေးစရာမလိုဘဲ သူ့ရပ်ကြောင့်သာ သူနဲ့ ထိုက်တန်တဲ့ ရလာဒ်ကို ရရှိခြင်းဖြစ်ပါတယ်။


စာရေးသူအနေနဲ့လည်း တခြားသော တိုက်တွန်းမှုတွေ မလုပ်ချင်တော့ပါဘူး။ အကြမ်းဖက်ဘေးအန္တရာယ် ကျရောက်နိုင်ခြေရှိတဲ့ ဒေသမှာ နေထိုင်ကြသူတွေ အန္တရာယ်ကင်းရှင်းရေးသည်သာ ပဓာနဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးလို ချင်းပြည်နယ်လို နေရာမျိုးမှာ သွားရောက်တာဝန်ထမ်းဆောင်နေရတဲ့အထဲမှာ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးသားချင်းများ ရှိနေတယ်ဆိုရင် ဆက်သွယ်ကြပါ။ သတိပေးကြပါ။ အန္တရာယ်ကျရောက်နိုင်ခြေရှိတယ်ဆိုရင် အချိန်မီ စွဲထုတ်ကြပါ။ တွယ်တာစရာတွေ၊ မက်မောစရာတွေ၊ ခုံမင်စရာတွေ ကို ခဏလွှတ်ချခဲ့ကြပါ။ အကြမ်းဖက်သမားတွေ အစာရေစာ ပြတ်လပ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ထိန်းသိမ်းနိုင်တဲ့ အခြေအနေမျိုး ရောက်တဲ့အခါ မိမိရပ်ရွာ မိမိပြန်ကြပါ။ မိမိတာဝန် မိမိ ပြန်ထမ်းဆောင်ကြပါ။ ထမ်းဆောင်ခွင့်ရမတော့ဘူးဆိုရင်လည်း တခြားသော အသက်မွေးလုပ်ငန်းများနဲ့သာ ဘဝခရီးဆက်ကြရအောင်။ ဒီစကားဟာ စိတ်ပျက် အားလျော့လို့ ပြောတဲ့ စကားမဟုတ်ပါဘူး။ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ဘေးအန္တရာယ်ဟာ ပြည်ပက ဝင်ရောက်ကျူးကျော်တိုက်ခိုက်တာမျိုးမဟုတ်ဘဲ NLD အစွန်းရောက် ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေရဲ့ မှိုင်းမိနေတဲ့ လူငယ်တွေ၊ ဆင်ခြင်တုံတရား ခေါင်းပါးလွန်းတဲ့ သူတွေ လုပ်နေတဲ့ အကြမ်းဖက်မှုတွေဖြစ်တာကြောင့် လုပ်သင့်တာကို လုပ်ကြဖို့ သတိလက်မလွတ်စေဖို့ အသိတရားရှိရှိ ဆောင်ရွက်နိုင်ကြပါစေကြောင်း -


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)