မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင် ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင် ကျင်းပမည်







MNP ၊  မေ      ၄

မြောက်ဦးဆရာတော်ဘုရားကြီး၏ ဇာတိမွေးရပ်မြေဖြစ်သည့် ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို ကဆုန်လဆန်း(၈)ရက်နေ့မှစတင်၍  ကဆုန်လပြည့်နေ့အထိ (၈)ညတိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

ဖော်ပြပါ မာရ်ငါးပါးစေတီတော်များမှာ ခုနစ်ရက်သားသမီးတို့၏ ကောင်းမှုအလှူများကို မြောက်ဦးဆရာတော်ဘုရားကြီးမှ ဦးဆောင်ကြီးမှူးကုသိုလ်ပြု၍ မအီမြို့၏မြေမြတ်အရပ်တို့တွင် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ စေတီတော်များကိုထီးတော်တင်ပူဇော်ရာတွင် ကဆုန်လဆန်း(၈)ရက်နေ့တွင် ရတနာ့မာရ်အောင် ဆံတော်ရှင်စေတီတော်ကိုလည်းကောင်း၊ ကဆုန်လဆန်း(၉)ရက်နေ့တွင် သက္ကျမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် ဇိနမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ လဆန်း(၁၁)ရက်နေ့တွင် မင်္ဂလမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ လဆန်း(၁၂)ရက်နေ့တွင် လောကမာရ်အောင်စွယ်တော်မြတ်စေတီတော်ကိုလည်းကောင်း၊ လဆန်း(၁၃)ရက်နေ့တွင် ထူပါရုံစေတီတော်(ငြိမ်းချမ်းရေးစေတီတော်)နှင့် လဆန်း(၁၄)ရက်နေ့တွင် ဥရုဝေလအသွေးတော်ဓာတ်စေတီတော်တို့ကို ထီးတော်တင်ပူဇော်ကြမည်ဖြစ်ပြီး ကဆုန်လပြည့်နေ့တွင် အံတော်သိမ်စေတီတော်ဌာပနာပိတ်ပွဲကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ စေတီတော်များထီးတော်တင်ပူဇော်ရက်များဖြစ်သည့် ကဆုန်လဆန်း(၈)ရက်နေ့မှ ကဆုန်လပြည့်နေ့အထိ ည(၇)နာရီအချိန်တိုင်းတွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးအား ဂုဏဝိသိဌပူဇော်ပွဲအထိမ်းအမှတ်အနေဖြင့် ပူဇော်ကျင်းပသည့် မြောက်ဦးအထူးတရားပွဲများကို ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာဆရာတော်ကြီးများက မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၊ လျောင်းတော်မူဘုရားကြီးရှေ့ ဘုရားရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ 

သို့ဖြစ်၍ မြောက်ဦးအထူးတရားပွဲများကျင်းပရာတွင် ကဆုန်လဆန်း(၈)ရက်နေ့တွင် မအီမြို့အမှတ်(၂)ရပ်ကွက်မှ ဥက္ကံတောင်ကျောင်းတိုက်ဆရာတော် အရှင်ပညာဇောတမှလည်းကောင်း၊ ကဆုန်လဆန်း(၉)ရက်နေ့တွင် မြဝတီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာ၊ ဗုဒ္ဓကျေးဇူးကျောင်းတိုက်မှ အရှင်ကဝိပီယမှလည်းကောင်း၊ ကဆုန်လဆန်း(၁၀)ရက်နေ့တွင် မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ သာသနာ့ဓဇ ဓမ္မာစရိယ အရှင်ခေမာစာရကလည်းကောင်း၊ ကဆုန်လဆန်း(၁၁)ရက်နေ့တွင် မြောက်ဦးမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ အရှင်ဇာဂရိယမှလည်းကောင်း၊ ကဆုန်လဆန်း(၁၂)ရက်နေ့တွင် ကျောက်တော်မြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ အရှင်ခေမာစာရကလည်းကောင်း၊ ကဆုန်လဆန်း(၁၃)ရက်နေ့တွင် မန္တလေးမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှ အရှင်ဇဝနကလည်းကောင်း တရားဓမ္မများကို တစ်ရက်ချင်းစီဟောကြားပူဇော်ကြမည်ဖြစ်ပြီး ကဆုန်လဆန်း(၁၄)ရက်နှင့် ကဆုန်လပြည့်နေ့တို့တွင် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရ ဝနဝါသီအရှင်ဝါယာမိန္ဒ(အဂ္ဂမဟာကမ္မဌာနာစရိယ)၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာများ၏ နာယကချုပ်ဆရာတော် မြောက်ဦးဆရာတော်ဘုရားကြီးမှ တရားရေအေးအမြိုက်ဆေးများ တိုက်ကျွေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ မာရ်ငါးပါးစေတီတော်များ ထီးတော်တင်ပူဇော်ပွဲနှင့် မြောက်ဦးအထူးတရားပွဲများကို (၈)ညတိုင်တိုင်ကျင်းပသွားမည်ဖြစ်ကြောင်းတို့ကို မအီမြို့နှင့် နယ်နိမိတ်ဆက်စပ်မြို့နယ်များဖြစ်သည့် တောင်ကုတ်မြို့နယ်၊ အမ်းမြို့နယ်၊ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်များမှ ဓမ္မမိတ်ဆွေပြည်သူများသို့ ဗီနိုင်းကြော်ငြာများကိုကြိုတင်စိုက်ထူ၍ အသိပေးဖိတ်ခေါ်ခြင်း၊ မြောက်ဦးဆရာတော် အရှင်ဝါယာမိန္ဒ facebook page တို့တွင် ဖော်ပြဖိတ်ခေါ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း မအီမြို့၊ ရတနာ့မာရ်အောင်တောရဓမ္မရိပ်သာကျောင်းတိုက်မှသိရသည်။


သတင်း - မောင်မောင်ဌေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)