မန္တလေးမြို့ လေးပြင်လေးရပ်ကွက်မှ သံဃာတော်အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးမြို့ လေးပြင်လေးရပ်ကွက်မှ သံဃာတော်အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထုငွေများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ ပြုလုပ်








 

MNP ၊ မေ ၁၄

သာသနာတော်နှစ် ၂၅၆၆ နှစ်အထိမ်းအမှတ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ သံဃာတော်အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်းနှင့် နဝကမ္မလှူဖွယ်ဝတ္ထုပစ္စည်းများ လောင်းလှူပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၊ ကျုံးအရှေ့ ဘက်၊ အနောက်ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့ရှိ သတ်မှတ်မင်္ဂလာမဏ္ဍပ်များ၌ တစ်ချိန်တည်း တစ်ပြိုင်တည်းပြုလုပ်ကြရာ မန္တလေးမြို့၊ မဟာဒမ္မိကာရာမ ကျောင်းတိုက် မိတ္ထီလာကျောင်းတိုက်ဆရာတော် နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ သုဇနပီယ အမှူးပြုသော သံတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လူမှုအသင်းအဖွဲ့များ၊ အလှူရှင်များနှင့် စေတနာရှင်ပြည်သူများ တက်ရောက်ကြည်ညို ကြသည်။


ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မဟာဒမ္မိကာရာမကျောင်းတိုက် မိတ္ထီလာကျောင်းတိုက် ဆရာတော်ထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသော ပရိတ် တရားတော်များကို နာယူကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက် မန္တလေးမြို့၊ မဟာဒမ္မိကာရာမတိုက် ရတနာပုံကျောင်းဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ သီဟနာဒ ထံမှ အနုမောဒနာ ရေစက်ချတရားနာယူပြီး ရေစက်သွန်းချ အမျှပေးဝေကြသည်။

အလားတူ ကျုံး(အရှေ့ပြင်)၊ (အနောက်ပြင်)၊ (မြောက်ပြင်) မင်္ဂလာမဏ္ဍပ်များ တွင်လည်း ဆရာတော်ကြီးများထံမှ ကိုးပါးသီလခံယူဆောက်တည်ကြ၍ ပရိတ် တရားတော်များ နာယူကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ရေစက်ချ နုမောဒနာတရား နာယူကြသည်။

ဆက်လက်၍ မန္တလေးမြို့ လေးပြင်လေးရပ်ကွက်ရှိ သံဃာတော် အပါး ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ် လောင်းလှူပွဲကို ဆက်လက်ပြုလုပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ၊ တိုင်းမှူးနှင့် တက်ရောက် လာကြသူများက သတ်မှတ်နေရာ မန္တလေးကျုံး လေးပြင်လေးရပ်ကွက်၌ ကျုံးတစ်ဖက်လျှင် သံဃာတော် အပါး ၂၅၆၆ ပါးစီဖြင့် ကျုံးလေးဘက်ရှိ သံဃာတော် စုစုပေါင်း ၁၀၂၆၄ ပါးတို့အား ဆွမ်း၊ ဆွမ်းဟင်း၊ လှူဖွယ်ပစ္စည်းများ၊ ဆေးဝါးများနှင့် နဝကမ္မ အလှူငွေများကို သဒ္ဒါတရားထက်သန်စွာဖြင့် ကြည်ညိုဖွယ်ရာ လောင်းလှူ ကြသည်။

ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဆရာတော်၊ သံဃာတော် ၁၀၂၆၄ ပါးတို့ အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ မိသားစုနှင့် တပ်မတော် (ကြည်း၊ ရေ၊ လေ)မိသားစုဝင်များက လှူဒါန်းငွေကျပ် ၂၃၂,၁၅၇,၁၈၀ ကျပ်၊ မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များ၊ စေတနာ ရှင်ပြည်သူများက လှူဒါန်းငွေကျပ် ၆၁၇,၈၄၅,၃၈၀ ကျပ်၊ စုစုပေါင်း ၈၅၀,၀၀၂,၅၆၀ ကျပ် ဖြစ်ကြောင်း သိရှိရသည်။

အလားတူ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အသီးသီးမှ မြို့နယ်(၂၁) မြို့နယ်တွင်လည်း သံဃာတော် ၁၀၈ ပါးစီဖြင့်လည်းကောင်း၊ မကွေးတိုင်းဒေသကြီး အတွင်းရှိ မကွေးမြို့နှင့် တောင်တွင်းကြီးမြို့တွင်လည်း ဆရာတော်၊ သံဃာတော်အပါး ၃၀၀ ကျော်စီဖြင့် လည်းကောင်း အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော် ပြီး ဆွမ်း၊ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ အလှူငွေများကို တပ်နယ်အသီးသီးမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများက အသီးသီး ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)