MNP - မေ ၂
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် ဧပြီလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ တောင်တွင်းကြီးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသည့် ဝက္ကသေးကျေးရွာ ဧက(၁၀၀) စံပြကွက် တင်း(၁၂၀)တင်းနှင့်အထက် ထွက်ရှိ ရေး ဝက္ကသေးကျေးရွာအုပ်စု ကွင်းအမှတ် ၂၆၀၀ တောင်သူ ဦးဇေယျာဦးနှင့် ဦးမျိုးမင်းထွန်းတို့၏ စိုက်နည်းစနစ် စမ်းသပ်လယ်ကွက်များအနီးတွင် ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် တောင်တွင်းကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မျိုးအေးက နွေစပါး Drum Seeder စနစ်ဖြင့် စိုက်ပျိုးထားသော ဧက(၁၀၀) စံပြစိုက်ခင်းတွင် တင်း (၁၂၀) တင်းနှင့်အထက် ထွက်ရှိရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်း တင်ပြခဲ့ မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဒေသခံ တောင်သူလယ်သမားများအတွက် မျိုးကောင်းမျိုးသန့် ရရှိရေး၊ စိုက်စနစ် မှန်ကန်စေရေးနှင့် စပါးအထွက်တိုးရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးရန် မှာကြားကာ၊ တက်ရောက်လာသော တောင်သူကြီးများ၏ သိရှိလိုသည့် တင်ပြ ဆွေးနွေးမှုများနှင့် ပတ်သက်၍ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပြောကြားပြီး၊ တောင်သူများ စိုက်ပျိုးရေပြည့်ဝစွာ ရရှိရေးအတွက် ဆည်ရေသောက်စနစ်များ ပြန်လည်ပြုပြင်ပြီး အထက်/အောက် ရေလှည့်စနစ် သတ်မှတ်၍ စနစ်တကျ ရေပေးဝေမှာဖြစ်တဲ့အတွက် တောင်သူ များမှ ရေအလေအလွင့်နည်းပါးစေရေး ပူးပေါင်းဆောင်ရွက် ခြင်းဖြင့် စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင် ပြီး တောင်သူများ ဝင်ငွေတိုးတက်၍ လူနေမှုအဆင့် အတန်းမြင့်မားကာ အလုပ်အကိုင် အခွင့် အလမ်းများ ခံစားရရှိစေမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေခြင်းတို့ကြောင့် စီးပွား ရေး၊ ကျန်းမာရေးနှင့် လူမှုရေး နယ်ပယ်များ ဖွံ့ဖြိုးရေးတိုးတက် လာစေဖို့ အထောက်အကူ ပြုမည်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ တွေ့ဆုံပွဲသို့ တက်ရောက်လာသော တောင်သူ ၅၇ ဦးတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများ အသီးသီး ပေးအပ် ကာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက နွေစပါးဧက(၁၀၀)စံပြ စိုက်ကွက်အား ကြည့်ရှုခဲ့ကြသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများသည် တောင်တွင်း ကြီးမြို့နယ် ရန်ပယ် ရေလှောင်တမံသို့ ရောက်ရှိ ပြီး ရေဝင်ရောက်မှု အခြေအနေ၊ နွေစပါး အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ် နိုင်ရေးအတွက် အောင်ရေများ အခက်အခဲမရှိ လုံလောက်စွာ ပေးဝေနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ရေလှောင်တမံ တာဝန်ရှိသူများအား တာတမံကြံ့ခိုင်တောင့်တင်းစေရေး၊ သန့်ရှင်း သပ်ရပ် ကောင်းမွန်စေရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ကြရန်နှင့် ဆည်ရေသောက် ဧရိယာအတွင်း စီစစ်ဧက ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး အတွက် မြောင်းဆုံး မြောင်းဖျားထိ ရေပေးဝေနိုင်ရေး ပြုပြင်ထိန်းသိမ်း ဆောင်ရွက်ရန် မှာကြား ခဲ့ကြောင်းနှင့် တောင်တွင်းကြီးမြို့နယ် ရန်ပယ် ရေလှောင်တမံ ဆည်ရေဖြင့် နွေစပါးဧက ၉၀၀ စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ဧက ၁၁၃၀ အထိ နွေစပါးများ လျာထားဧကကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - မောင်ညီညာ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment