MNP - မေ ၄
ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင် လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်၊ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံ၊ ကြက်သွန်နီတို့ကို အသုံးပြုကာ တန်ဖိုးမြှင့် စားသောက်ကုန်များ ထုတ်လုပ်တတ်စေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မကွေးမြို့နယ် အင်တိုင်းကြီးကျေးရွာ အလယ်တန်းကျောင်း(ခွဲ)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဖွင့် အမှာစကား ပြောကြားရာတွင် မိမိဌာနအနေဖြင့် ပြည်သူများအား အသက်မွေးဝမ်းကျောင်းလုပ်ငန်း သင်တန်းများ ဖွင့်လှစ်လျက်ရှိသည့်အပြင် မိမိတို့ဒေသများရှိ သီးနှံထွက်ကုန်များအား ကုန်ကြမ်း သီးနှံများမှ ကုန်ချောသီးနှံများအဖြစ် ထုတ်လုပ် တတ်စေရန် သင်တန်းများ ဖွင့်လှစ်ပို့ချလျက် ရှိပါကြောင်း၊ သင်တန်းသား/သူများ အနေဖြင့် သင်တန်း နည်းပြဆရာ/ဆရာမများ ပို့ချမည့် သီးနှံ အခြေခံတန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်းများအား စနစ်တကျ လိုက်နာအသုံးပြု၍ မိမိတို့ မိသားစု ဝင်ငွေတိုးပွားရေးတွင်သာမကဘဲ တစ်နိုင်တစ်ပိုင် စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်လာ သည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်းနှင့် စားသုံးသူများအကြိုက် စားသောက်ကုန်များ တီထွင်ဖန်တီးနိုင်သည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ အင်တိုင်းကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက မိမိတို့ကျေးရွာအုပ်စုတွင် သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် သင်တန်းဖွင့်လှစ်ခြင်းအတွက် ဒေသခံပြည်သူများ ကိုယ်စား ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်သင်တန်းကို ၄.၅.၂၀၂၂ ရက်နေ့မှ ၁၀.၅.၂၀၂၂ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးခန့်အား ဒေသထွက်သီးနှံများ ဖြစ်သည့် ကြက်သွန်နီ အခြောက်ပြုလုပ်နည်း၊ ကြက်သွန်နီကြော်ပြုလုပ်နည်း၊ ကြက်သွန်ပေါင်း ခြောက်ကြော်ပြုလုပ်နည်း၊ ကြက်သွန်နီဟင်းခတ်မှုန့် ပြုလုပ်နည်း၊ ခရမ်းချဉ်သီးဆော့ ပြုလုပ်နည်း၊ အားလူးကြော် စသည်ဖြင့် သင်ခန်းစာ(၁၀)မျိုးအား သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - ကိုစည်သူ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment