လူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖြူးမြို့နယ်တွင် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူတိုင်း ပူးပေါင်းပါဝင် ဆောင်ရွက်ရမည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် ဖြူးမြို့နယ်တွင် အသိပညာပေး ဆိုင်းဘုတ် စိုက်ထူ




MNP - ဇွန်   ၁၁


ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါသည် နေ့အချိန်တွင် ကိုက်ခံရသည့် ခြင်ကျားကြောင့် ကူးစက်ခံရခြင်းဖြစ်ပြီး အဆိုပါခြင်များ မပေါက်ဖွားနိုင်ရေး လူတိုင်း ပူးပေါင်း ပါဝင်ဆောင်ရွက် သွားကြစေရန်အတွက် ရည်ရွယ်၍ ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးဟူသော ဆိုင်းဘုတ်အား ယနေ့နံနက် (၈)နာရီခွဲအချိန်က လူသွားလူလာများသည့် ပဲခူးလမ်းမဘေး မြို့မဈေးအနီးတွင် စုပေါင်း စိုက်ထူခဲ့ကြကြောင်း သိရသည်။


အဆိုပါ အသိပညာပေး ဆိုင်းဘုတ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေး  ခေါင်းစဉ်ဖြင့် ခြင်ကျား ပိုးလောက်လန်း မပေါက်ဖွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ ဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ် ဆိုသည့် ရေစည် ရေအိုးများကို ဖုံးထားစေခြင်း၊ ရေစည်ရေအိုးများ၏ အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ် ဆေးကြောပြီး သွန်စေလိုခြင်း၊ ဘုရားပန်းအိုး အလှပန်းအိုးများကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ် ဆေးကြောပြီး ရေလဲစေခြင်း၊ ရေရှားသည့် ဒေသများတွင် ခြင်ပိုးလောက်လန်းများကို ရေစစ်ထုတ်ပစ်စေခြင်း၊ ခြင်ဥများသည် ခြောက်သွေ့သည့် နေရာတွင်ပင် (၁)လခန့်အထိ အသက်ရှင်သန် နေနိုင်သည့်အတွက် ရေစည်၊ ရေအိုးများ  ဘုရားပန်းအိုးများ၏ အတွင်းပိုင်းကို သေချာတိုက်ချွတ် ဆေးကြောစေခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။


သွေးလွန် တုပ်ကွေးရောဂါ ကာကွယ်ရေးအသိပေး  ဆိုင်းဘုတ်အား စုပေါင်းစိုက်ထူပြီးနောက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစောမင်းသူ၊   မြို့နယ်စီမံအုပ်ချုပ်ရေး  အဖွဲ့ဝင်(၁) ဗိုလ်မှူးလှမျိုးသိန်းနှင့်    ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဆေးရုံအုပ်ကြီး ဒေါက်တာအာကာ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများက  ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်းနှင့် မိုးရာသီကာလတွင် ပေါက်ဖွားမှုများသည့် ခြင်များ မပေါက်ဖွားနိုင်ရေး ရေတွင်း၊ ရေကန်များတွင် အဘိတ်ဆေးခတ်ခြင်း၊ စာသင်ကျောင်းများတွင် ခြင်ဆေးဖြန်း ခြင်းနှင့် လူတိုင်းအနေဖြင့် ခြင်ပေါက်ဖွားမှု မရှိရေး မိုးရေတင်ကျန်နိုင်သည့် အရာဝတ္ထုများအား ရှင်းလင်းကြစေရေးကို အသိပညာပေးလျက်ရှိကြောင်း ဖြူးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။              


သတင်း - နေမျိုးလွင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)