ကန့်ဘလူမြို့နယ်က ဒုတိယမြိုင်ကြီးငူ ဆရာတော် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်က ဒုတိယမြိုင်ကြီးငူ ဆရာတော်


မြန်မာ့သမိုင်းမှာ ရှားရှားပါးပါး ပေါ်ပေါက်ခဲ့တဲ့ သံဃာတော်တွေ ရှိပါတယ်။ ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်လက်အောက်ကို ကျရောက်သည့်အချိန်မှာ ဦးဥတ္တမ၊ ဦးဝိစာရ တို့ကဲ့သို့သော နယ်ချဲ့တော်လှန်ရေး ဦးဆောင်ဆရာတော်တွေ ပေါ်ပေါက်ခဲ့တဲ့ အထင်ကရ သမိုင်းမှတ်တမ်းတွေ ရှိခဲ့ပါတယ်။ လွတ်လပ်ရေးရပြီးသော်လည်း ပြည်တွင်းစစ်မီးတောက်လောက်နေတဲ့ တိုင်းပြည်မှာ ကိုယ့်ဗုဒ္ဓဘာသာဝင်တွေကို ဓမ္မစက်၊ အာဏာစက်နဲ့ ကာကွယ်ဖို့ ကြိုးပမ်းခဲ့တဲ့ ဆရာတော်တွေထဲမှာ ကရင်ပြည်နယ်က မြိုင်ကြီးငူဆရာတော် ဟာ ထင်ရှားကျော်ကြားသူ ဖြစ်ပါတယ်။ ဘာသာရေးအရ ကွဲလွဲမှုတွေ ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ ကြားမှာ ဗုဒ္ဓဘာသာ ကရင်တိုင်းရင်းသားတွေကို ဓမ္မစက်၊ အာဏာစက် နဲ့ ဦးဆောင်လမ်းညွှန်မှု ပေးနိုင်ခဲ့ခြင်းကြောင့် ထင်ရှားကျော်ကြားခဲ့ခြင်းဖြစ်ပါတယ်။

သမိုင်းကြောင်းနဲ့ ယှဉ်ပြီး လေ့လာကြည့်တဲ့အခါ တိုင်းပြည်မှာ အခက်အခဲအကြပ်အတည်းတွေ ပေါ်ပေါက်လာသည့်အခါတိုင်း မိမိအသက်ကို ပဓာနမထား၊ တိုင်းပြည်နဲ့ လူမျိုးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့ သူရဲကောင်းတွေလည်း ပေါ်ထွက်လာစမြဲပဲ ဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းထိန်းသိမ်းလိုက်ပြီးသည့်နောက် အာဏာလက်မဲ့ဖြစ်သွားသူတွေရဲ့ ဆူပူအကြမ်းဖက်လှုံ့ဆော်မှုတွေကြောင့် ပြည်သူတွေကြားမှာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကို ရှေ့တန်းတင်ပြီး ရန်လိုအမုန်းပွား လုပ်ကြံသတ်ဖြတ်၊ မီးရှို့ဖျက်ဆီးသည် အထိ အကြမ်းဖက်မှုတွေ ဆိုးသွမ်းလာခဲ့ပါတယ်။

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ ဆူပူဆန္ဒပြမှုများမှ စတင်ပြီး လုပ်ကြံသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်လာခဲ့ရာမှာ စစ်ကိုင်းတိုင်းဒေသကြီးကတော့ အဆိုးဆုံး အနေအထားအထိ ရောက်ခဲ့ပါတယ်။ NLD ပါတီကို ထောက်ခံသူတွေဟာ အာဏာလက်မဲ့ ဖြစ်သွားတဲ့ NLD ဦးဆောင်သူတွေရဲ့ လှုံ့ဆော်မှုတွေနောက်ကို လိုက်ပါပြီး ကိုယ့်ရပ်ရွာအတွင်းမှာ ရှိတဲ့ အခြားသော ပါတီဝင်တွေကို လုပ်ကြံသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့ကြတယ်။ အုပ်စုဖွဲ့ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်လာကြတယ်။ 

NLD ပါတီဝင်တွေဟာ ပြည်သူ့ကာကွယ်ရေး (PDF) လို့ ခေါင်းစဉ်တပ်ပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခြင်း အစရှိသော အုပ်စုဖွဲ့ အနိုင်ကျင့် အကြမ်းဖက်မှုဒဏ်ကို ခံရတဲ့ ပြည်သူတွေမှာ သေသူလည်း သေ၊ မသေမပျောက်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးတိမ်းရှောင်ရာကနေ ခိုကိုးရာမဲ့ အခြေအနေကို ရောက်ခဲ့ကြပါတယ်။

အဲဒီလို ဖြစ်ပေါ်နေတဲ့ အခြေအတစ်ရပ်မှာ ခရိုင်၊ မြို့နယ် မှာရှိတဲ့ အုပ်ချုပ်ရေးနဲ့ လုံခြုံရေးရာ တာဝန်ရှိသူတွေဟာ အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို ကူညီကယ်တင်ခြင်း၊ စောင့်ရှောက်ခြင်း မရှိတဲ့အပြင် အကြမ်းဖက်အားပေးလုပ်ရပ်တွေကို လုပ်ဆောင်လာကြတဲ့အတွက် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေမှာ ခိုကိုးရာမဲ့ ဖြစ်ခဲ့ကြရပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားခြင်းမရှိ၊ ရွေးကောက်ပွဲတွေမှာလည်း မဲပေးခွင့်မရှိတဲ့ ဆရာတော် သံဃာတော်တွေဟာ အခုလို ဆူပူအကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အချိန်မှာတော့ တာဝန်မဲ့နေလို့ မရတော့ဘဲ ကူညီကယ်တင်စောင့်ရှောက်ခြင်း လုပ်ငန်းတွေမှာ ပါဝင်လာကြရပါတယ်။ အာဏာလက်မဲ့ဖြစ်သွားတဲ့ ပါတီကို အားပေးထောက်ခံတဲ့ သံဃာတော်များကလည်း အာဏာလက်မဲ့ဖြစ်သွားတဲ့ သူတွေရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကို ထပ်ဆင့်လှုံ့ဆော်ပြီး ဆူပူအကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှုတွေကို အားပေးအားမြှောက် ပြုလာသည်အထိ သရုပ်ပျက်လာခဲ့ပါတယ်။

အဲဒီလို အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေရဲ့ ခိုကိုးရာမဲ့ ဘဝကို ကူညီကယ်တင် စောင့်ရှောက်မှုပေးခဲ့သူကတော့ ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာ၊ သာသနာ့အလင်းရောင်ကျောင်းတိုက်က ဆရာတော်ဦးဝါသဝပဲ ဖြစ်ပါတယ်။ ဆရာတော်ကျောင်းထိုင်တဲ့ ကျေးရွာဟာ အစ္စလာမ်ဘာသာဝင် အိမ်ခြေ ၈၀၀ ကျော်ရှိပြီး ဗုဒ္ဓဘာသာဝင်အိမ်ခြေကတော့ ၅၀ ကျော်ပဲ ရှိပါတယ်။

ဒီကျေးရွာမှာ လာရောက်သီတင်းသုံးနေထိုင်ဖြစ်ခဲ့ပုံနဲ့ ပတ်သက်လို့လည်း ဆရာတော်က "ဦးဇင်းက စာသင်တိုက်မှာ စာလိုက်နေတာ။ သူငယ်ချင်းတွေက ကျောင်းထိုင်ကိုယ်တော်လိုနေတယ် ဆိုပြီး အကြောင်းကြားတယ်။ မင်းတို့က ဘာလို့ မထိုင်တာလည်း မေးတော့ ဘာသာခြားများနေလို့ပေါ့။ ဦးဇင်းက ကျောင်းထိုင်းပေးမယ်ကွာလို့ လက်ခံပြီး ၂၀၁၅ ကတည်းက လာပြီး ကျောင်းထိုင်ဖြစ်တာပါပဲ။ ဘာပဲနေနေ အစ္စလာမ်ဘာသာဝင်တွေလည်း သူ့ဘာသာအတွက် တိုးတက်အောင်လုပ်။ ကိုယ်လည်း ကိုယ့်ဘာသာ တိုးတက်အောင် လုပ်။ ဦးဇင်းရောက်စက ရွာမှာ အရက်ဆိုင် ၂ဆိုင်ရှိတယ်။ သောက်စား မူးရူးပြီး ရမ်းကားကြတာတွေ ရှိတယ်။ ဦးဇင်းက အရက်ဆိုင်တွေ ပိတ်ခိုင်းပစ်တယ်။ မူးပြီး ရမ်းကားရင် ဗုဒ္ဓဘာသာရော၊ အစ္စလာမ်ရော ခေါ်ရိုက်ပြီး ဆုံးမတယ်။ အဲဒီလို နှစ်ဘာသာကြားမှား မလိုလားအပ်တဲ့ ပြဿနာတွေ ပေါ်ပေါက်မလာအောင် ထိန်းသိမ်းပြီး နေပါတယ်" လို့ မိန့်ကြားပါတယ်။

စာရေးသူနဲ့ စတင်ဆက်သွယ် ချိတ်ဆက်မိတာကတော့ တန့်ဆည်မြို့နယ်၊ ကပေါင်းကျကျေးရွာက အကြမ်းဖက်ဘေးအန္တရာယ်ကြောင့် မိသားစုဝင်တွေ အသတ်ခံရ၊ နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ထွက်ပြေးတိမ်းရှောင်လာကြသူတွေ ခိုကိုးရာမဲ့ ဖြစ်နေပြီလို့ ကြားသိပြီး သွားရောက်ခေါ်ဆောင် ကယ်တင်ထားရာကနေ အနယ်နယ်အရပ်ရပ်က အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူတွေကို လက်ခံ စောင့်ရှောက်ပေးရတဲ့အခြေအနေအထိ ရောက်ရှိလာပါတယ်။ ဆရာတော်ရဲ့ ကျောင်းမှာ တန့်ဆည်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ခင်ဦး၊ ရေဦး မြို့နယ်များက အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူ ၅၉၅ ယောက်အထိ ကယ်တင်စောင့်ရှောက်ပေးခဲ့ရပါတယ်။

ဒီလို ကယ်တင်စောင့်ရှောက်ပေးနေရုံမျှနဲ့ ကိစ္စက မပြီးပြတ်နိုင်ဘူး။ နိုင်ငံရေးအစွန်းရောက်စိတ်နဲ့ ဆူပူအကြမ်းဖက်နေတဲ့ ရွာတွေကို လှည့်လည်ပြီး ကိုယ့်ရွာကို မဖျက်ဆီးကြဖို့၊ အနီ အစိမ်း ညီညွတ်စွာ နေထိုင်ကြဖို့ အသက်အန္တရာယ်ကို မငဲ့ကွက်ဘဲ စည်းရုံးရေးတရား လိုက်ဟောရပြန်ပါတယ်။

ဒီလို ဟောပြောစည်းရုံးပေးနေရုံမျှနဲ့လည်း မရသေးပြန်ဘူး။ အကြမ်းဖက်သမားတွေက သောင်းကျန်းမြဲ သောင်းကျန်းနေတော့ ကျောင်းမှာ လက်ခံစောင့်ရှောက်ထားသူတွေကို ပြည်သူ့စစ်ဖွဲ့စည်းပေးနိုင်ဖို့၊ PDF အကြမ်းဖက်သမားတွေရဲ့ ရန်ပြုစော်ကားမှုတွေကို ခုခံကာကွယ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းပေးနိုင်ဖို့ကိုလည်း တပ်မတော်အရာရှိများကို တင်ပြပြီး ဆရာတော်ရဲ့ ကျောင်းမှာ ကယ်တင်ထားသူတွေကို ပထမဆုံး ပြည်သူ့စစ်စတင် ဖွဲ့စည်းပေးခဲ့ပါတယ်။ ဖွဲ့စည်းထားပြီး လေ့ကျင့်ထားပေးပြီး ဖြစ်တဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဒီအတိုင်း ခုခံလို့လည်း မဖြစ်သေးပြန်ဘူး။ PDF အကြမ်းဖက်သမားတွေက KIA ရဲ့ အကူအညီနဲ့ မောင်းပြန်သေနတ်တွေနဲ့ ဒရုန်းတွေနဲ့ လာရောက်တိုက်ခိုက်နေခြင်းဖြစ်တဲ့အတွက် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ လက်နက်ရဖို့အတွက်လည်း တပ်မတော်ဘက်က အရာရှိအဆင့်ဆင့်ကို ဆက်သွယ် ပြောဆို ဆောင်ရွက်ပေးခဲ့ရပါတယ်။

ဆရာတော်အနေနဲ့ ကိုယ်ကျိုးမဖက် အများပြည်သူရဲ့ အခက်အခဲကို ဖြေရှင်းနိုင်ဖို့ ကြိုးစားရင်း ဖရဲသီးတွေကလည်း အမြင်ကြသလို ကယ်တင်စောင့်ရှောက်ထားသူတွေထဲကလည်း ဆရာတော်ရဲ့ နောက်ကွယ်မှာ အတင်းအဖျင်း ပြောတာလေးတွေကို ပြန်လည် ကြားသိရပါတယ်။ လူတွေရဲ့ သဘောကို နောကျေပြီးဖြစ်တဲ့ ဆရာတော်က "ဘုန်းကြီးက ဘာထည့်တွက်နေမှာလဲ။ လိုတော့ဘုန်းဘုန်း၊ မလိုရင် ကတုံးဖြစ်သွားကြတာပဲ။ ဒီအလုပ်ကို စလုပ်ပါပြီ ဆိုကတည်းက အသက်ကို ဘုရားလှူထားပြီးသားပဲ။ ဘုန်းကြီး လိုက်လံဟောပြောစည်းရုံးပေးနေတာ ဘုန်းကြီးအတွက် ဘာတစ်ခုမှ မပါဘူး။ ကျေးဇူးတရား နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ လုပ်ပေးနေမှာပဲ။ ဒီရွာတွေ မပျက်စီးစေချင်လို့၊ သက်ကြီးရွယ်အို ဘိုးဘွားမိဘတွေ အတိဒုက္ခမရောက်အောင်လို့။ မျိုးဆက်သစ် လူငယ်တွေ လူညွန့်မတုန်းအောင်လို့ ဘုန်းဘုန်းက လုပ်ပေးနေမှာပဲ။ တခါတလေ ငါနားသင့်ပြီလား လို့ တွေ့မိတယ်။ နားလို့ မဖြစ်သေးပါဘူး။ ဒါ အစပဲ ရှိသေးတယ်လို့ သဘောပိုက်ပြီး ဆက်လုပ်နေတာ။ တစ်ရွာကနေ နှစ်ရွာ ပြည်သူ့စစ်တွေ ဖွဲ့နိုင်ဖို့၊ ရွာတိုင်းမှာ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး အကြမ်းဖက်သမားတွေရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်" လို့ မိန့်ကြားပါတယ်။

အခု ဆရာတော်ရဲ့ ကြိုးပမ်းမှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတချို့၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတချို့၊ ကျွန်းလှမြို့ပေါ်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး လက်နက်တွေလည်း ခွဲတမ်း ချပေးထားနိုင်ပြီဖြစ်ပါတယ်။ တကယ်တန်း ရင်ဆိုင်တိုက်ခိုက်ရတဲ့ အခါမျိုးမှာတော့ KIA, PDF အကြမ်းဖက်အဖွဲ့ဘက်က လက်နက်သာလွန်နေတဲ့ အတွက် ဆရာတော်နဲ့ကလည်း လက်နက်ကောင်းကောင်း တပ်ဆင်ပေးချင်သလို ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကလည်း လက်နက် ကောင်းကောင်းနဲ့ ခုခံကာကွယ်ခွင့်ရဖို့ တင်ပြပြောဆိုမှုတွေ ရှိလာပါတယ်။ ကျွန်တော်တို့ ဆရာတော့်ကျောင်းကို ရောက်ပြီး နောက်နေ့မှာပဲ ကျွန်းလှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေနဲ့ PDF အကြမ်းဖက်သမားများ ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်ရတဲ့ အခြေအနေမျိုး ဖြစ်ပေါ်ခဲ့ပြီး PDF အကြမ်းဖက်သမား ၂ဦး အသေရမိခဲ့ကြပါတယ်။ လက်နက် ၂ လက်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက ဒီလို သိမ်းဆည်းရမိတဲ့ လက်နက်တွေကို ကိုယ့်သဘောနဲ့ ကိုယ် အသုံးပြုခြင်း မရှိဘဲ သက်ဆိုင်ရာကို အပ်နှံပေးကြပါတယ်။

ဆရာတော်ထံကို ရောက်ရောက်ချင်းဆိုသလိုပဲ ဆရာတော်ကျောင်းမှာ ရှိနေတဲ့ ပြည်သူ့စစ်အဖွဲ့တွေနဲ့ တွေ့ဆုံပေးပြီး အားပေးစကားပြောခိုင်းတယ်။ ခရီးရောက်မဆိုက် အခြားရွာက ပြည်သူ့စစ်အဖွဲ့တွေနဲ့လိုက်လံတွေ့ဆုံ မိတ်ဆက်ပေးတယ်။ PDF အကြမ်းဖက်သမားတွေရဲ့ လူမဆန်စွာ ရက်စက်ယုတ်မာမှုဒဏ်ကို ခံခဲ့ရတဲ့ ရွာသားတွေဟာ ပြည်သူ့စစ်အဖွဲ့မှာ ပါဝင်လာကြပြီး ကိုယ့်ရပ်ကိုယ့်ရွာကို အသက်ချင်းလဲပြီး ကာကွယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေကို မြင်တွေ့လာရတယ်။ ကဘဲ ကျေးရွာမှာတော့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ တန်းစီနေတဲ့ အထဲမှာ ၁၅နှစ်အရွယ် သမီးလေးတစ်ဦးလည်း ပါဝင်တာကို တွေ့ရတယ်။ သမီး ဘာကြောင့် ပြည်သူ့စစ်ထဲ ပါဝင်တာလဲလို့ မေးတဲ့အခါ "ဒီအကြမ်းဖက်သမားတွေကြောင့် သမီးတို့ ကျောင်းမတက်ရဘူး။ သမီးကျောင်းတက်ချင်တယ်။ သူတို့ လာပြီး အကြမ်းဖက်ရင်လည်း ခံခံတိုက်ခိုက်နိုင်အောင် ပြည်သူ့စစ်ထဲ ဝင်တာပါ" လို့ ၁၅နှစ် အရွယ်သမီးလေးရဲ့ သံမဏိစိတ်ဓာတ်ကို တွေ့မြင်ခဲ့ရပါတယ်။

ပြန်ခါနီးမှာ ဆရာတော်က မာန်ပါပါနဲ့ "ပြည်သူ့စစ်စိတ်ဓာတ် ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်၊ ဘယ်သူ့တိုက်ဖို့လဲ - PDF တိုက်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်" ဆရာတော်နဲ့ တပည့်ဒကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေရဲ့ မာန်အပြည့်နဲ့ ကြွေးကြော်သံကို ကြားရပြီး ကြက်သီးမွေးညှင်းတောင် ထမိပါတယ်။

အဲဒီကနေ အခြားရွာတစ်ရွာကို ဆရာတော် ဆက်ကြွတယ်။ ဆရာတော်ကို ရွာလမ်းတစ်ယောက် ရွာသူ ရွာသားတွေ တန်းဆီပြီး ကြိုဆိုကြတယ်။ ဆရာတော်က စကားပြောကြရအောင် လူစုလိုက်ကြဆိုတော့ အိမ်ခြံဝင်းတစ်ခုထဲမှာ စုစည်းကြတယ်။ ဆရာတော်က ညီညွတ်ခြင်းရဲ့ အကျိုးကို ဟောပြောပြီး အနီ အစိမ်း ညီညွတ်ကြဖို့၊ ကိုယ့်ကျေးရွာကို ဖျက်ဆီးမယ့်သူဆိုရင် ဝိုင်းတွယ်ကြဖို့၊ အေးအေးဆေးဆေး မနေချင်တဲ့သူကို ရွာထဲ မောင်းထုတ်ဖို့၊ ပြည်သူ့စစ်ဆိုတာ လက်နက်ကိုင်ပြီး အနိုင်ကျင့်နေခြင်း မဟုတ်ကြောင်းနှင့် ကိုယ့်ရပ်ကိုယ့်ရွာကို ဖျက်ဆီးမယ်သူဆိုရင်တော့ ညီညီညွတ်ညွတ်နဲ့ ခြေမှုန်းရမှာ ဖြစ်ကြောင်း မိန့်ကြားပါတယ်။

တကယ်တော့ ဒီလိုအလုပ်တွေဟာ ဆရာတော်တစ်ပါး ကိုယ်ဖိရင်ဖိ လုပ်ရမယ့် အလုပ်တွေ မဟုတ်ပါဘူး။ ဆရာတော်လို ပြတ်ပြတ်သားသား မလုပ်ရင်လည်း ရွာသူရွာသားတွေက မညီညွတ်နိုင်ပါဘူး။ အနုနည်းနဲ့တစ်မျိုး အကြမ်းနည်းနဲ့တဖုံ ဆရာတော် ဟောနိုင်ပြောနိုင်လွန်းလို့ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့စည်းနိုင်ပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကာကွယ်နိုင်တဲ့ အခြေအနေလေးတွေ ရောက်ရှိလာပါတယ် အခြေအနေကို ရောက်လာကြပါပြီ။ အပြန်လမ်းမှာ စကားပြောဖြစ်ကြတော့ ဆရာတော်က "ကျုပ် ဒီလိုမှ မလုပ်ရင် မရတော့ဘူးဗျ။ တချို့ အကြမ်းဖက်အားပေး ဘုန်းကြီးတွေလည်း ရှိတယ်။ ကျုပ်ကတော့ ပြတ်ပြတ်ပဲ ပြောတယ်။ ကျုပ်ကိုတော့ လာမလုပ်နဲ့။ အကြမ်းဖက်အားပေးရင် ဘုန်းကြီးရော၊ လူရော ညှာနေမှာ မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင် တွယ်မှာလို့ ပြောထားတယ်။ တကယ်လည်း တွယ်မှ ရမှာ။ နီနီ စိမ်းစိမ်း ကိုယ့်ဒကာ၊ ဒကာမ ညီညွတ်အောင် ထိန်းသိမ်းရမယ့်အစား သူတို့က မြှောက်ပေးနေကြတာ" လို့ မိန့်ကြားပါတယ်။

ကန့်ဘလူမြို့နယ်၊ မှော်တော်ကျေးရွာမှာ ကျောင်းထိုင်နေတဲ့ ဆရာတော်ရဲ့ ဇာတိက တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာ ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ခမည်းတော်၊ မယ်တော်တို့လည်း သက်ရှိထင်ရှား ရှိနေပါသေးတယ်။ ဆရာတော်ရဲ့ ဇာတိရွာမှာ PDF တွေက ရှိနေပြီး ဆရာတော် အခုလို လိုက်လံ လုပ်ဆောင်နေတဲ့ အခါ PDF တွေက ဆရာတော်ရဲ့ မိဘဆွေမျိုးတွေကို ခြိမ်းခြောက်လာကြပါတယ်။ သက်ကြီးရွယ်အို၊ ကလေးသူငယ်မကျန် စစ်ကြောင်းလာပြီဆိုတာနဲ့ ပြေးကြရပါတယ်။ စစ်ကြောင်းကို ကြောက်လို့ မဟုတ်ပါဘူး။ စစ်ကြောင်းလာတဲ့အချိန်မှာ မပြေးရင် PDF က ဒလန်လို့ သတ်မှတ်ပြီး လာသတ်ကြမှာစိုးရိမ်တော့ အများနည်းတူ ပြေးကြရပါတယ်။

ကိုယ့်မိသားစုကိုသာ ကယ်ထုတ်ခဲ့မယ်ဆိုရင်လည်း အခြားသူတွေ အသတ်ခံရမှာ စိုးရိမ်တဲ့အတွက် ကယ်မထုတ်ဘဲ ထားခဲ့ရပါတယ်။ နောက်တော့ ပြည်သူ့စစ်နဲ့ ဝင်ရောက်စည်းရုံးပြီး အနီ အစိမ်း ညီညွတ်ရေးတရား ဟောရပြန်ပါတယ်။ နောက်တော့ ပြည်သူ့စစ်ဖွဲ့ပေးပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်လည်ကာကွယ်နိုင်တဲ့ အခြေအနေမျိုးကို ရောက်ခဲ့ပါတယ်။ ဆရာတော်ရဲ့ ခမည်းတော်နဲ့ မယ်တော်ဆီ ရောက်ခဲ့ပါတယ်။ မယ်တော်ကြီးက ဒီအလုပ်ကို မလုပ်ဖို့၊ ကူညီချင်ရင်လည်း စားစရာ၊ အဝတ်အစားပေးပြီး ပြန်လွှတ်ဖို့ ပြောခဲ့တဲ့အကြောင်းတွေ၊ အကိုတွေ၊ အမတွေကလည်း တားခဲ့တဲ့အကြောင်း ပြောပြပါတယ်။ ဆရာတော်ကတော့ ဘယ်သူတားတား နောက်မဆုတ်ဘဲ လူ့အသတ်ပေါင်းများစွာကို အကြမ်းဖက်ဘေးအန္တရာယ်ကနေ ကယ်တင်ပေးခဲ့ပါတယ်။ ပြည်သူ့စစ်မဖွဲ့စည်းနိုင်သေးတဲ့ အင်ဘတ်တောကျေးရွာအနီးမှာ ဆရာတော်ရဲ့ ကားကို PDF အကြမ်းဖက်သမားတွေက မိုင်းစွဲ တိုက်ခိုက်ခဲ့ကြပါတယ်။ သေကံ မရောက်ခဲ့ပါဘူး။ ပျူစောထီး၊ ဘောမ၊ စစ်ခွေးလို့ ဝေဖန်တိုက်ခိုက်နေတဲ့ ကြားက အနီ အစိမ်း ညီညွတ်ရေးတရားဟောပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ကိုယ်တိုင် ကာကွယ်ကြဖို့ လိုက်လံဟောပြောစည်းရုံး ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ကတော့ ဆရာတော် အခုလို လုပ်ဆောင်နေတာတွေကိုကြည့်ပြီး လေးစားဂုဏ်ယူမိတယ်။ ဆရာတော် သွားလေရာ ရွာတိုင်းမှာ ပြည်သူ့စစ်တွေက လက်နက်ကိုင်ပြီး လိုက်လံ စောင့်ရှောက်ပေးနေကြတယ်။ အရှေ့အနောက် လက်နက်ကိုင်အစောင့်အရှောက်နဲ့ လိုက်ပါဆောင်ရွက်ပေးနေရတဲ့ မြင်ကွင်းကို မြင်ရတော့ ငါတို့တိုင်းပြည်ဟာ အာဖဂန်လို ဖြစ်နေပါပေါ့လားလို့ စိတ်မကောင်းဖြစ်မိတယ်။ ဆရာတော်ရဲ့ ညီညွတ်ရေးတရားထဲမှာ အရူးအသင်းနဲ့ အကန်းအသင်း ဘောလုံးကန်တဲ့ သာဓကလေးကို ထည့်ထည့်ပြောလေ့ ရှိတယ်။ အရူးအသင်းနဲ့ အကန်းအသင်းကန်တော့ နည်းပြတွေက ကိုယ့်အသင်းကိုယ် မှာထားကြတယ်။ အရူးအသင်းအသင်း နည်းပြက ဟိုဘက်ဂိုးကို ကန်သွင်း၊ ဂိုးသွင်းနိုင်ရင် မင်းတို့ နိုင်ပြီ လို့ မှာထားသတဲ့။ အကန်းအသင်း နည်းပြက မင်းတို့က ကန်းနေတာ ဂိုးကို တန်းစီပြီး ပိတ်ထားလို့ မှာထားသတဲ့။ ကန်ပြီလဲ ဆိုရော အရူးအသင်းက အကန်းအသင်းဂိုးဘက်ကို သွင်းတယ်။ တန်းစီပိတ်ထားတော့ ဂိုးက မဝင်ဘူး။ အရူးအသင်းသားတွေက အကန်းအသင်းဂိုးကို သွင်းမရတော့ ဒီဂိုးက သွင်းလို့ မဝင်ဘူး ဟိုဘက်ဂိုးကို သွင်းမယ်ကွ ဆိုပြီး ကိုယ့်ဂိုးကိုယ် ပြန်သွင်းကြတယ်။ အကန်းအသင်းက ဂိုးပြတ်နိုင်သွားတယ်။ အခုလည်း PDF တွေကလည်း ဗုဒ္ဓဘာသာတွေပဲ။ ကိုယ့်အချင်းချင်း ကို ပြန်သတ်နေကြတာ လို့ ဆရာတော်က သာဓက ဆောင်ပြီး ရှင်းလင်းမိန့်ကြားပါတယ်။

ဆရာတော်နဲ့ ရင်းနှီးပြီး ဖြစ်လို့ အရွှန်းဖောက်ကြတဲ့အခါ ဆရာတော်က ငါးရာငါးဆယ် တပ်မကြီး တည်ထောင်နေတာလား ပေါ့။ ဆရာတော် က "ကျုပ်က ခြောက်ပုလင်း ကိုယ်တော်၊ ခြောက်ပုလင်းဆိုတာ ဒကာလံ ကိုယ်တော်လို့ ပြောတာ။ လှူမယ့်တန်းမယ့်သူ မရှိဘူး။ ကျုပ်ကလည်း ထည့်တွက်မနေပါဘူး။ အခု ကျုပ်ကျောင်းမှာ ရှိနေတဲ့ မိသားစု ၂၀ လောက်က သားတကွဲ၊ မယားတကွဲတွေ ဖြစ်ကုန်ကြပြီ။ ရှိသမျှ ပစ္စည်းဥစ္စာလည်း PDF ဖျက်ဆီးလို့ ကုန်သွားပြီ။ ဒီမိသားစုလေးတွေကို ပြန်လည် အခြေတကျ စီစဉ်ပေးနိုင်ဖို့ လှူဒါန်းကြဖို့တော့ ပြောချင်တယ်။ ဒီလူတွေအတွက်ပါပဲ။ ကျုပ်အတွက် မလှူကြပါနဲ့" လို့ မိန့်ကြားပါတယ်။

ပြန်မယ့်နေ့မှာ ဆရာတော်ရဲ့ တပည့်တယောက်နဲ့ စကားပြောခွင့် ရတယ်။ ကျွန်တော်က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ငါးရာငါးဆယ် တပ်ဖွဲ့ဝင်များ၊ ဆရာတော်ကို ငါးရာငါးဆယ် တပ်မှူးကြီး လို့ အရွှန်းဖောက်တဲ့အခါ ဆရာတော်ရဲ့ တပည့်က "ကျွန်တော်တို့ ဆရာတော် က ဒုတိယမြိုင်ကြီးငူဆရာတော်ပဲ။ ဆရာတော်သာ ဒီလို လုပ်မပေးခဲ့ဘူးဆိုရင် အခုအချိန် အထိ ပြဿနာတွေက ပြီးမှာ မဟုတ်ဘူး။ လူ့အသတ်ပေါင်းများစွာကို အသက်နဲ့ ရင်းပြီး ကယ်တင်ပေးခဲ့တာ။" ဂုဏ်ယူဝမ်းမြောက်စွာ ပြောလာပါတယ်။

ကျွန်တော်တို့ ရောက်တဲ့ ၂ရက် ကျွန်တော်တို့နဲ့အတူ အနီ အစိမ်း ညီညွတ်ရေးတရား၊ ပြည်သူ့စစ်ဖွဲ့စည်းပြီး ရပ်ရွာကာကွယ်ရေးအတွက် လိုက်လံ ဟောပြောစည်းရုံးတယ်။ ကျွန်တော်တို့ကိုလည်း ဟောပြောစေပါတယ်။ ကျွန်တော်တို့ ပြန်လည်ခဲ့ပြီဖြစ်တဲ့အတွက် ဆရာတော်တစ်ပါးတည်း လှည့်လည်ဟောပြောစည်းရုံးရအုံးမှာ ဖြစ်ပါတယ်။ အကြမ်းဖက်ဘေးအန္တရာယ်သင့် ရွာတချို့မှာ တည်ငြိမ်အေးချမ်းစပြုပြီ။ ကျောင်းတွေကို ပြည်သူ့စစ်နဲ့ ရဲက လုံခြုံရေးပေးပြီး ဖွင့်လှစ်နိုင်တဲ့ အခြေအနေကို ရောက်ပြီ။ သို့သော်လည်း မြို့နယ်အလိုက် တည်ငြိမ်အေးချမ်းမှု မရှိသေးဘူး။ 

တိုင်းပြည်ရဲ့ သမိုင်းမှာ အခက်အခဲအကြပ်အတည်းတွေ ပေါ်ပေါက်လာသည့်အခါတိုင်း အများပြည်သူ အကျိုးကို ရှေးရှုပြီး ဆောင်ရွက်တဲ့ သူရဲကောင်းတွေ ပေါ်ပေါက်လာစမြဲပဲ ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲကနေ မဲမသမာမှုများမှ တဆင့် အာဏာလက်မဲ့ ဖြစ်သွားသော နိုင်ငံရေးလုပ်စားသူတို့ရဲ့ အလုံးစုံပျက်သုဉ်းရေး လမ်းစဉ်ပေါ်မျာ ပြည်သူအချင်းချင်း စိတ်ဝမ်းကွဲပြီး အကြမ်းဖက် လုပ်ရပ်တွေဖြစ်ပေါ်လာတဲ့ ကာလဆိုးကြီးမှာ ထောင်ပေါင်းများစွာသော လူ့အသက်တွေကို ကယ်တင်ပေးခဲ့သူ၊ ရပ်ရွယ်တွေ မပျက်စီးရေး နယ်လှည့်စည်းရုံးရေးတရားဟောနေသူ၊ အသက်ကို ပဓာနမထား အများအကျိုးအတွက် အမုန်းခံ ကြိုးပမ်းနေသော ဆရာတော်ဦးဝါသဝ (သို့မဟုတ်) ကန့်ဘလူမြို့နယ်က ဒုတိယမြိုင်ကြီးငူ ဆရာတော်ရဲ့ ဆောင်ရွက်ချက်တွေကို ဦးညွှတ် ဂုဏ်ပြုပူဇော်ပါ၏။


နောင်တော်လေး (ဘိုကလေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)