ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် အားကစားသမားများနှင့် ပြိုင်ပွဲဝင်ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်အစိုးရအဖွဲ့မှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြသည့် အားကစားသမားများနှင့် ပြိုင်ပွဲဝင်ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ




MNP - ဇွန်   ၁၀


ကယားပြည်နယ်အစိုးရအဖွဲ့မှ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့ကြ သည့် ကယားပြည်နယ်မှ အားကစားသမားများနှင့် ပြိုင်ပွဲဝင် ကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကျင်းပပြုလုပ်မည့် အားကစားပြိုင်ပွဲများသို့  ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားအသင်းများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့သည်။


ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ကယားပြည်နယ်မှ နိုင်ငံလက်ရွေးစင် ကစားသမားများက ငွေနှင့် ကြေးတံဆိပ်များကို ဆွတ်ခူးရရှိခဲ့ပါသဖြင့် ပြည်နယ်၏ အားကစားသမိုင်းတွင် အားကစားသူရဲကောင်းများအဖြစ် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ ခေတ်အဆက်ဆက်တွင် ပြည်နယ်မှ နိုင်ငံ့ဂုဏ်ဆောင် အားကစားသမား အမြောက်အများ မွေးထုတ်ပေးနိုင်ခဲ့ကြောင်း၊ နိုင်ငံတော်မှ အားကစား အဆင့်အတန်း မြင့်မားလာစေရေး၊ အောင်မြင်မှုရရှိရေးနှင့် အားကစားမောင်မယ်များ စိတ်ဓါတ်မြှင့်တင်စေရေးအတွက် ပံ့ပိုးဆောင်ရွက် ပေးလျက်ရှိပြီး ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း ထပ်ဆင့်ဂုဏ်ပြုပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ နိုင်ငံဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင် အားကစားသမားများဖြစ်အောင် စဉ်ဆက်မပြတ် ကြိုးစားအား ထုတ်သွားရမည်ဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က (၃၁) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ တိုက်ကွမ်ဒို အားကစားနည်းတွင် (၅၇) ကီလိုတန်းပြိုင်ပွဲ၌ ငွေတံဆိပ်ဆုရရှိသော မဒေစီဦးဂျူးလိယက်နှင့် အလေးမပြိုင်ပွဲတွင် (၅၉)ကီလိုတန်းပြိုင်ပွဲ၌ ကြေးတံဆိပ်ဆုရရှိသော မနော်တဘိုးရာတို့ အားလည်းကောင်း၊ ကယားပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးများက ပြိုင်ပွဲဝင် အားကစားသမား (၄) ဦးအား ဂုဏ်ပြု မှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့်  တိုက်ကွမ်ဒို နှင့် ဘောလီဘော လက်ရွေးစင်အသင်းများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် ခဲ့ကြသည်။


ယင်းနောက် ၂၀၂၂ခုနှစ်၊ (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဆုရရှိသော အားကစားသမားများကိုယ်စား ငွေတံဆိပ်ဆုရ တိုက်ကွမ်ဒိုအားကစားသမား မဒေစီဦးဂျူးလိယက်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။


၎င်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့မှ နိုင်ငံဂုဏ်ဆောင် အားကစားသမားများနှင့် နည်းပြများကို ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး (၃၁) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲဝင်မှတ်တမ်း VIDEO အားကြည့်ရှု ခဲ့ကြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။


သတင်း - ကိုဇင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)