နယူးဒေလီ ၊ ဇွန် ၁၉
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းပြည်နယ်နှစ်ခုဖြစ်သည့် အာသံပြည်နယ် နှင့် မက်ဟာလာယပြည်နယ် (Meghalaya)များတွင် ရေကြီးရေလျှံမှုများကြောင့် ပြီးခဲ့သော နှစ်ရက်အတွင်း လူပေါင်း ၃၂ ဦးသေဆုံးခဲ့ရကြောင်း တာဝန်ရှိသူများက ဇွန် ၁၈ ရက်တွင် ပြောကြားခဲ့သည်။
အာသံပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့သတင်းစာစောင် (ASDMA)၏ ဖော်ပြချက်အရ ရေကြီးမှုကြောင့် ပြည်နယ်အတွင်း သေဆုံးသူ ၁၃ ဦးရှိကြောင်း ၊ တစ်ချိန်တည်းမှာပင် ခရိုင်ပေါင်း ၂၈ ခုတွင် ရေဘေးသင့်သူပေါင်း ၁.၈ သန်း ကျော်ရှိကြောင်း သိရသည်။
ထို့ပြင် မက်ဟာလာယပြည်နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့(SDMAM)မှ တာဝန်ရှိသူများက ပြည်နယ်၌ ပြီးခဲ့သော နှစ်ရက်အတွင်း ရေဘေးကြောင့် သေဆုံးသူ ၁၉ ဦးရှိကြောင်း ဆိုသည်။
“ ပြည်နယ်အတွင်း ရေကြီးရေလျှံမှုတွေနဲ့ မြေပြိုမှုတွေကြောင့် သောကြာနေ့မှာ အသက် ၆ လသားအရွယ် ကလေးငယ်တစ်ယောက်အပါအဝင် လူ ၁၄ ဦး သေဆုံးသွားတယ် ၊ ဒါကြောင့် ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ သေဆုံးသူ ၁၉ ဦးထိ မြင့်တက်သွားခဲ့ရတာပေါ့” ဟု SDMAM မှ တာဝန်ရှိသူတစ်ဦး ကဆိုသည်။
အာသံပြည်နယ်တွင်ရေဘေးသင့် ကျေးရွာပေါင်း ၃၀၀ နီးပါးရှိပြီး လူပေါင်း ၁၀၈,၁၀၄ ဦးကို ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ပေးထားခဲ့ရကြောင်း သိရသည်။
ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးမြေ ၄၃,၃၃၈ ဟက်တာထိခိုက်ပျက်စီးသွားခဲ့ရပြီး သီးနှံပေါင်းများစွာ ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရကြောင်း တာဝန်ရှိသူများက ဆိုသည်။ ထို့ပြင် တာတမံများ ၊ ရေလွှတ်မြောင်းများ နှင့် လမ်းအများအပြား ပျက်စီးသွားခဲ့ရကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နရာန္ဒြာမိုဒီက ရေကြီးမှုအခြေအနေကို အစီရင်ခံတင်ပြရန် နှင့် ဖက်ဒရယ်အစိုးရထံမှ လိုအပ်သောအကူအညီများ အားလုံး ရယူသွားရန် အာသံပြည်နယ်ဝန်ကြီးချုပ် Himanta Biswa Sarma အား ဇွန် ၁၈ ရက်တွင် လမ်းညွှန်ပြောကြားခဲ့ကြောင်း သိရသည်။
Ref : (ဆင်ဟွာ)
https://t.me/MyanmarNationalPost
No comments:
Post a Comment