MNP - ဇွန် ၁၁
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ယိုမျိုးစုံပြုလုပ်နည်း သင်တန်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်စးအုပ်စု၊ သပြေပင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသိဒ္ဓိနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲထွဋ်အောင် တို့က အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းခိုင်က သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းပို့ချပေးမည့် အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို ဇွန်လ ၁၁ ရက် မှ ၁၄ ရက်နေ့အထိ (၄)ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပြီး သာယာဝတီခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်း ဦးစီးဌာနမှ နည်းပြဆရာမများက သင်တန်းသား (၂၀)ဦးအား နာနတ်ယို၊ သင်္ဘောယို၊ သရက်ယို၊ ခရမ်းချဉ်ယို၊ သံပရာယိုနှင့် ရှောက်ယို ပြုလုပ်နည်းများအား လက်တွေ့သင်ကြား ပြသပေးမည်ဖြစ်ကြောင်း၊ ကျေးရွာနေ ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားဖြစ် ယိုမျိုးစုံလုပ်ငန်းများ ဆောင်ရွက်နိုင်တဲ့အတွက် စားဝတ်နေရေး ချောင်လည်စေရန်နှင့် မိသားစုဝင်ငွေ ရရှိစေရန် ရည်ရွယ်၍ ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
သတင်း - ကိုမင်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment