လက်တည့်စမ်း KG+၁၂တန်း စနစ် ရပ်ဆိုင်းပစ်ဖို့ လိုပါသည် (အပိုင်း-၂) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်တည့်စမ်း KG+၁၂တန်း စနစ် ရပ်ဆိုင်းပစ်ဖို့ လိုပါသည် (အပိုင်း-၂)


ဦးဌေး (နတ်မောက်)

၁၉၈၄-၈၅တွင် ပညာရေးဝန်ကြီး ဗိုလ်မှူးကြီးကျော်ငြိမ်းက ဧကာဒဿမတန်း= ၁၁တန်း စီစဉ်ခဲ့သည်။ ၅: ၄: ၃ ပုံစံ။ ထို့ကြောင့် ကျောင်းဆောင်များ ချက်ချင်းတိုးချဲ့ဆောက်ရာ ၁၉၈၆ မတိုင်ခင် ၁၁တန်း ကျောင်းဆောင်သစ်များ ပြည်သူ့ငွေအားဖြင့် တည်ဆောက်နိုင်ခဲ့သည်။ (ယခု နတ်မောက် အထက-၁ မြောက်ဆုံးကျောင်းဆောင်သည် နတ်မောက်လူထုငွေအားဖြင့် ဆောက်ခဲ့သော ၁၁တန်းဆောင်ဖြစ်ပြီး ကျွန်တော် အထက်တန်းပြအဖြစ် တာဝန်ထမ်းခဲ့သော ဆိပ်ဖြူ အထက ရှေ့မျက်နှာစာအဆောင်သည်လည်း ဆိပ်ဖြူမြို့နယ် လူထုငွေအားဖြင့် ဆောက်သော ၁၁တန်းဆောင်ဖြစ်သည်။ တခြားမြို့နယ်များတွင်လည်း ဝန်ကြီးဦးကျော်ငြိမ်း မူဝါဒကြောင့် ၁၁တန်းဆောင်များ ဆောက်နိုင်ပါသည်။ နတ်မောက် ၁၁တန်းဆောင်နှင့် ဆိပ်ဖြူ ၁၁တန်းဆောင် ၂ခုတွင် ယခုအခါ နတ်မောက် ၁၁ဆောင်က ပျက်စီးယိုယွင်းပြီး ဆိပ်ဖြူ ၁၁တန်းဆောင်က နောင်နှစ် ၃၀ အနည်းဆုံး မပြုပြင်ဘဲ ထားနိုင်ပါအုံးမည်။ ဤကားစကားချပ်ဖြစ်ပါသည်။)

ထိုစနစ်မသင့်တော်ကြောင်းကို ထိုခေတ် ပညာရေးစီမံသူတို့ မြင်ခဲ့ကြရာ စစ်ဝန်ကြီးဦးကျော်ငြိမ်းကို မလှန်ရဲ၍ ပေါက်ပေါက်မြောက်မြောက်ပြောနိုင်မည့်သူ ရှာသည်။ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ၅: ၄: ၂ ပုံစံ KG+၁၀တန်း စနစ်သာ သင့်တော်ကောင်းမွန်ကြောင်း ပညာရေးဒုဝန်ကြီး ဆရာ ဒေါက်တာမောင်ဒီ က နိုင်ငံအကြီးဆုံးခေါင်းဆောင် ဦးနေဝင်းအား တင်ပြခဲ့ရာ ၅: ၄: ၃ ပုံစံကို ရပ်စိုင်းလိုက်သည်။ ကျောင်းဆောင်များဖြစ်ပေါ်လာခြင်းက ငွေအလဟဿ မဖြစ်ပါ။ ရိုက်နှိပ်ပြီး ပြဋ္ဌာန်းသင်ရိုးများက ငွေကုန်အကျိုးမရှိ ဖြစ်ခဲ့ပါသည်။ 

သို့သော် နိုင်ငံနှင့် လူမျိုး အကျိုးမရှိသည့် စနစ်ကို ချခဲ့မိသည်ကို မြင်သိသွားသည်နှင့် တိုင်းပြည်မွဲ၊ လူမျိုးဆင်းရဲမည့် စနစ်ကို ရပ်စိုင်းရဲသည့် သတ္တိ၊ ဦးနေဝင်း ခေါင်းဆောင်သည့် လမ်းစဉ်ပါတီ အစိုးရမှာ ရှိခဲ့သည်ကို သမိုင်းမှာ အသိအမှတ်ပြုရပါမည်။

၂၀၁၆ မှ ၂၀၂၂ ထိ ပညာရေးတာဝန်ရှိသူတို့က KG+၁၂တန်းသည် နိုင်ငံတကာနှင့် အာဆီယံနိုင်ငံအချို့လည်း ကျင့်သုံးသော စနစ်၊ တက္ကသိုလ်ဝင်တန်းကို အသက် ၁၈နှစ်မှာ အောင်မြင်ကြောင်း၊ KG+၁၀တန်းစနစ်က အသက် ၁၆နှစ်မှာ အောင်၍ တက္ကသိုလ်မတက်နိုင်သည့် ကလေးများ လုပ်ငန်းခွင် ဝင်ရောက်နိုင်မှုမရှိဘဲ မဖြစ်သင့်တာတွေ ဖြစ်ခဲ့ကြောင်း၊ KG+၁၂တန်းစနစ်က (ပညာသင်ယူမှုအခွင့်အလမ်းမြင့်မားရေးဦးတည်တာ)ဖြစ်ကြောင်း၊ ယနေ့စနစ်နဲ့ ကိုက်ညီမှုရှိကြောင်း စသည့်မခိုင်လုံသော ဆင်ခြေ ဆင်လက်တွေနှင့် နိုင်ငံတော်ကိုရော၊ ဆင်းရဲသားပြည်သူများကိုပါ လိမ်ညာနေဆဲ ဖြစ်ပါသည်။

ဖော်ပြပါ မာယာသာဌေယျ (၄)ချက်ကို တစ်ချက်ချင်း ပြန်ရှင်းပြပါမည်။ 

(၁) အင်္ဂလန်၊ အမေရိကန်၊ တရုတ်စသော နိုင်ငံများတွင် ကျင့်သုံးသော KG+၁၂တန်း စနစ်က မိဘနှင့်ကျောင်းသားတို့ ကိုယ်စိတ်နှစ်ပါး ချမ်းသာသည့်ပြင် နိုင်ငံနှင့်လူမျိုး အကျိုးရှိစနစ်။ သူတို့နိုင်ငံတွေမှာ ပညာကို အစိုးရကျောင်းက လုံလောက်စွာ ပေး၍ KG မှ ၁၂တန်း ထိ ကိုယ့်ကျောင်းက ဆရာထံမှာရော အခြားပြင်ပဆရာထံမှာရော အပိုကျူရှင်ယူသော စနစ်မရှိ။ တက္ကသိုလ်ဝင်တန်း ၁၂တန်းတွင်လည်း အမှတ်ကောင်းမှ၊ အဆင့် A ရမှ ဆေး၊ စက်မှု၊ ပညာရေး တက်ခွင့်ရသည့် စနစ်မဟုတ်၍ ကိုယ်ပိုင်ကျောင်းနေမှ၊ ဘော်ဒါ၊ ဝိုင်း တက်ရမည်၊ စာအလွန်အမင်းကြည့်ရမည် ဆိုသော ဖိအား ကျောင်းသားတွေမှာ မရှိ။ ကိုယ်ဝါသနာပါရာ ပညာရပ်ကို သင်ယူနိုင်၍ ကျောင်းကပင် သင်ပေး၍ ဘာဖိအားမှ မရှိ။ မြန်မာနိုင်ငံက KGမှ ၁၂တန်း ထိ အစိုးရကျောင်းက ကောင်းစွာ(လုံးဝ) ပညာမပေး၍ ကိုယ့်အတန်းပိုင်ထံ၊ ပြင်ပ ဘော်ဒါ၊ ဝိုင်းကိုထားရအောင် ပြုလုပ်ထားသော စနစ်။ 

တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းမှ၊ အဆင့် Aရမှ လိုချင်သည့် တက္ကသိုလ်ရသော စနစ်လုပ်ထား၍ တက္ကသိုလ်ဝင်တန်းမှာ အနည်းဆုံး ၁၀သိန်းဘော်ဒါ၊ ဝိုင်းနှင့် အနည်းဆုံး သိန်း ၃၀ ကိုယ်ပိုင်ကျောင်းထားရသော စနစ်၊ မြင်လွယ်အောင် ရှင်းပြပါရစေ။

၅: ၄: ၂ စနစ်တွင် မူလတန်းအဆင့် ၅နှစ်အတွက် တစ်နှစ်အနည်းဆုံး ၁သိန်း၊ စုစုပေါင်း ၅သိန်း၊ အလယ်တန်းအဆင့်ထိ ၉သိန်း။ အထက်တန်းအဆင့်တွင် ၉တန်း ထိ ၁၀သိန်းနှင့် တက္ကသိုလ်ဝင်တန်းအတွက် ၁၀ သိန်း။ ထို့ကြောင့် KG+၁၀တန်း စနစ်တွင် KG မှ တက္ကသိုလ်ဝင်တန်းအထိ စုစုပေါင်း ကုန်ကျငွေ သိန်း ၂၀။ ဒါ အနည်းဆုံး သာမန်စရိတ်။ ကိုယ်ပိုင်ကျောင်း စရိတ်မဟုတ်။ ယခု ၆: ၄: ၃ စနစ်အရ မူလတန်းအဆင့်ပြီးဖို့ ၆သိန်း၊ အလယ်တန်းအဆင့် ပြီးဖို့ ၁၀သိန်း၊ အထက်တန်း အဆင့်တွင် ၁၀တန်း၊ ၁၁တန်း ထိ ၁၂ သိန်း။ တက္ကသိုလ်ဝင်တန်းအတွက် ၁၀ သိန်း စုစုပေါင်း ၁၃နှစ်အတွက် ၂၂သိန်း ကုန်မည်။ မြန်မာနိုင်ငံ KG+ ၁၂တန်းစနစ်က စာအုပ်စာတမ်း အခမဲ့ဝေသော်လည်း ပညာပေးမှုကို အစိုးရကျောင်းက အပြည့်အဝ မပေး၍ အပိုကျူရှင်ကြေး အနိမ့်ဆုံးမှာ ဖော်ပြပါအတိုင်း ဖြစ်သည်။ 

ငွေရှင်တွေက ပညာရှင်နှင့်ပေါင်း၊ ကိုယ်ပိုင်ကျောင်း၊  ဘော်ဒါ၊ ဝိုင်း ထောင်မည်။ အာဏာရှင်တွေက ထိုကျောင်းတွေမှာ အခွင့်ထူးခံစားရမည်။ ဆရာမစုံ၊ စာအကုန်မသင်သည့် အစိုးရကျောင်းမှာ ဆင်းရဲမိဘ ရင်သွေးတို့ ဂုပ်သွေးစုပ်ခံ၍ စာသင်ရမည်။

အင်္ဂလန်မှာ ကိုယ်ပိုင်ကျောင်းက တနိုင်ငံလုံး ၇%၊ စပိန်မှာ ကိုယ်ပိုင်ကျောင်း ၃၀% ရာခိုင်နှုန်းသာ ရှိသော်လည်း မြန်မာပြည်မှာ နတ်မောက်ကို အခြေပြုပြီး တွက်ရလျှင် အစိုးရ အထကကျောင်း (၃)ကျောင်း။ ကိုယ်ပိုင်ကျောင်း အသေးစား၊ ဘော်ဒါ၊ ဝိုင်းက ၃၀ကျော် ရှိရာ ရှင်သုံးရှင်၊ ရှိသုံးရှိ လူတန်းစာအကျိုးပြု KG+၁၂တန်း စနစ်ဖြစ်သည်ကို သက်သေပြခြင်း ဖြစ်ပါသည်။

(၂) တက္ကသိုလ်ဝင်တန်းကို အသက် (၁၈)နှစ်နှင့် ဖြစ်စေ ၁၆နှစ်ဖြစ်စေ အောင်ခြင်းသည် ပြဿနာမဟုတ်ပါ။ ၁၈နှစ် ရောက်မှ အောင်ရမည်ဆိုခြင်းကသာ အာဏာရှင်ဆန်ဆန် သတ်မှတ်ခြင်း ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ ပထမဆုံး ပါမောက္ခချုပ် ဒေါက်တာတင်အောင်သည် ကိုလိုနီခေတ်မှာ ၁၅နှစ်နှင့် တက္ကသိုလ်ဝင်တန်းအောင်သူ ဖြစ်ပါသည်။ အသက် ၁၆နှစ်နှင့် အောင်၍ တက္ကသိုလ်မတက်သေးသည့် ကလေးက အလုပ်ခွင် ဝင်ရောက်နိုင်မှုမရှိလျှင် မိသားစုကို စောစီးစွာ ကူညီနိုင်ပြီး မိသားစုက သူ့အတွက် ဝန်ထုပ်တစ်ခု လျော့သွားသည်။ 

၁၆နှစ်၊ ၁၇နှစ် ထား၊ ၁၈ထား ဆိုတော့ ၂နှစ်က မိသားစုအတွက် ဝန်ထုပ်ကြီး။ ၁၂တန်း မှာ ကျပါပြီတဲ့။ ၁၉၊ ၂၀ တွေ ဖြစ်ဦးမည်။ ပညာရေးအဟောသိကံ ပိုဖြစ်သည်။ ပညာရေးတာဝန်ရှိသူက ၁၆နှစ်အောင်၍ (မဖြစ်သင့်တာတွေ ဖြစ်ခဲ့သည်) တဲ့။ ၁၉၄၈ မှ ၂၀၂၂ ခုနှစ်အထိ ဘာတွေများ အုတ်သြသောင်းတင်း ဖြစ်ခဲ့ပါသနည်း။ ဖြေပါခင်ဗျာ။ ဆင်းရဲ၍ ကျောင်းမနေနိုင်သူများ လုပ်ငန်းခွင်သို့ ၁၄နှစ်မှာပင် ဝင်ကြရရာ ဘာဖြစ်ပါသနည်း။ နိုင်ငံစီးပွားရေးကြောင့် ဖြစ်ရသည့် လူမှုရေးပြဿနာတွေက KG+၁၀တန်းစနစ်နှင့် ဘာမျှမဆိုင်ပါ။ KG+၁၂တန်း စနစ်ကသာ မိဘများကို စီးပွားရေးထိခိုက်နိုင်၍ မလိုလားအပ်တာတွေ နောင်အနာဂတ်မှာ ဖြစ်လာမည်ကို ရဲဝံ့စွာ ပြောလိုပါသည်ခင်ဗျား။

(၃) KG+၁၂တန်း စနစ်သည် ပညာသင်ယူမှုအခွင့်အလမ်း မြင့်မားရေးကို ဦးတည်သည်ဟု ပညာရေးတာဝန်ရှိသူတို့ ၏ အဆို မဟုတ်မှန်ကြောင်း (၁)အချက်ကပင် ဖော်ပြနေပါသည်။ ပညာသင်ကာလကြာရှည်ပြီး ကုန်ကျစရိတ်ကြီးမား၍ တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်နှုန်းများလာမည့် စနစ်ဖြစ်ပါသည်။ ဆင်းရဲသား လူထုကို ဒဏ်မခံနိုင်အောင် ဖန်တီးထားသော စနစ်ဖြစ်ပါသည်။ ငွေရှိ-ငွေရှင်၊ ပညာရှိ-ပညာရှင် တို့ ခွင်ဖန်ရသော စာသင်နှစ်ကြာစနစ်ဖြစ်၍ တိုက်တစ်လုံးမှ ၂လုံး၊ ကားတစ်စီးမှ ၂စီး ပစ္စည်းဥစ္စာတိုးပွားသည့် အခွင့်အလမ်းမြင့်မားမှုကို ဦးတည်သောစနစ်ဖြစ်ပါသည်။ 

(၄) ယနေ့ စနစ်သစ်နှင့် ကိုက်ညီသည်ဟု ပညာရေးတာဝန်ရှိသူက ပြောသည်မှာ မှန်ပါသည်။ ဒီမိုကရေစီစနစ်ကို အထောက်အကူပြုမည်ဆိုသော မြန်မာ့ KG+၁၂တန်း စနစ်သည် ရှိသုံးရှိ လူတန်းစားအတွက် ကိုက်ညီပါသည်။ နိုင်ငံ လူမျိုးအတွက် မဟုတ်ပါ။ ထို့ပြင် ၂၀၁၆ မှ ၂၀၂၂ ထိ KG မှ G11 =ဧကာဒဿမတန်းအထိ (G9, G12 မရှိသေး)။ သင်ရိုးပြဋ္ဌန်းစာအုပ်တို့ကလည်း အသိ အတတ် ပေးနိုင်သော သင်ရိုးမဟုတ်ပါ။ သင်ရိုးစစ်တမ်းကို ရှေ့တစ်ပတ် တင်ပြပါမည်။

နိဂုံးချုပ်ဆိုရလျှင် မြန်မာ့ KG+၁၂တန်း စနစ်ကြောင့် ရမည့် ဆိုးကျိုး (၃)ခုမှာ (၁) ကျောင်းအဆောက်အဦ ပရိဘောဂများ တိုးချဲ့ရခြင်း၊ (၂) မိဘပြည်သူတို့ ကျူရှင်စရိတ် ပိုကုန်စေသည်၊ နိုင်ငံ ပြည်သူ ဆင်းရဲသောစနစ်ဖြစ်သည်၊ (၃) ပြဋ္ဌာန်း သင်ရိုးများက KG+၁၀တန်း အဆင့်ပင် မမီ၍ ပညာထူးမတတ်ဘဲ နိုင်ငံနှင့် လူမျိုးသား ဆင်းရဲစေ၍ မလုပ်သင့်ပါ။ 

ကိုဗစ်နှင့် ကြုံတွေ့နေရသော အခြေအနေများကြောင့် ၁၉၆၅ မှ ၂၀၁၅ ထိ ကျင့်သုံးခဲ့သော KG+၁၀တန်း စနစ်သာ မြန်မာနိုင်ငံနှင့် သင့်တော်ပါကြောင်း၊ လူနည်းစု ရှင်သုံးရှင် ကောင်းစားရေး KG+၁၂တန်း စနစ်ကို ရောက်သည့်နေရာက ဖျက်သင့်ပါကြောင်း နစက ကြားသိစေရန် စာမောင်းခတ်လိုက်ရပါကြာင်း . . . ။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)