MNP - ဇူလိုင် ၃၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် အစိုးရနည်းပညာကောလိပ် (မိုးညှင်း) ၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲက ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် မိုးညှင်းခရိုင်ရဲတပ်ဖွဲ့မှ ဒုတိယခရိုင်ရဲမှူး အောင်ကျော်မိုးက အဖွင့်အမှာ စကားပြောကြားပြီး အစိုးရနည်းပညာကောလိပ် (မိုးညှင်း) မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာကျော်ကျော်မြင့်က ကျောင်းသားကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်း၍ ယာဉ်မတော်တဆမှုများဖြစ်ပွားပြီး ကိုယ်လက်အင်္ဂါထိခိုက်ဆုံးရှုံးခြင်း၊ အသက်ဆုံးရှုံးခြင်းများ မဖြစ်ပွားစေရန်နှင့် စိတ်ကိုပြောင်းလဲစေတတ်သော မူးယစ်ဆေးဝါးများအန္တရာယ်ကိုသိရှိပြီး မိမိဘဝ၊ မိသားစုဘဝများထိခိုက်၍ အင်ဂျင်နီယာပညာရပ်များ သင်ကြားမှုအတွက် အနှောက်အယှက် အဟန့်အတားများ ဖြစ်စေသည့် မူးယစ်ဆေးဝါးများကို အသိ၊ သတိနှင့် ရှောင်ကျဉ်ပြီး မိမိအနာဂတ် သာယာလှပစေရန်အတွက်ရည်ရွယ်၍ ပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများအား အမှတ်(၁၀၁) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မိုးညှင်း) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးဝင်းယုထွေးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍လည်းကောင်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးနှိမ်နင်းရေးအဖွဲ့ တပ်ဖွဲ့စိတ်မှ ဒုရဲအုပ်မင်းကိုကိုက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်းအရာကိုလည်းကောင်း အသီးသီး ဟောပြောကြပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများ လက်ဝယ် အရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - ဇွဲသူရအောင်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment