MNP - ဇူလိုင် ၃၀
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ခွင့်ပြုမိန့်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ရယူပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသော ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
ထိုသို့စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်လျက်ရှိသော ကြောင့် ပြည်သူများအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ တိုင်းဒေသကြီးအတွင်း၌ ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများတွင် အထည်ချုပ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ ဆန်စပါးလုပ်ငန်းများ၊ ငါး၊ ပုဇွန်၊ ဂဏန်း မွေးမြူရေးလုပ်ငန်းများအပြင် အခြားလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး စိုက်ပျိုးမွေးမြူရေးအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများအပြင် ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်လုပ်ငန်းများလည်းဖွံ့ ဖြိုးလာရာ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်လာပါကြောင်းနှင့် မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း”ပြောကြားသည်။
ဆက်လက်၍ Amava Apparel Ltd၊ Dong Long (Pathein)Garment Co.,Ltd၊Chia Moon Sports (Myanmar)Co.,Ltd၊Hua Meng MyanmarCo.,Ltd၊Sea & LakeCo.,Ltd၊AAQSR Co.,Ltd၊Shwe Wah NadiCo.,Ltd၊Paddy StarCo.,Ltd၊International Green Land Co.,Ltd၊MEF International Co.,Ltd တို့မှ စီးပွားရေးလုပ်ငန်းရှင်များက အထည်ချုပ် လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ တန်ဖိုးမြှင့်ဆန်ထုတ်လုပ်တင်ပို့ ရောင်းချခြင်းလုပ်ငန်း၊ ဂဏန်းပျော့ ထုတ်လုပ်တင်ပို့ရောင်းချခြင်း လုပ်ငန်းဆောင်ရွက်မှုများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်အား ရှင်းလင်းတင်ပြခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ထပ်မံတိုးချဲ့မည့် အစီအမံများ၊ မြေအသုံးချမှုခွင့်ပြုချက်ရရှိရေး၊ လျှပ်စစ်မီးပိုမိုရရှိရေး ဆွေးနွေးချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ပြီးစိုက်ပျိုးမွေးမြူရေးအခြေခံသည့် စက်ရုံအလုပ်ရုံများ ပိုမိုတိုးတက်ရင်းနှီးမြှုပ်နှံလာစေရန်အတွက် အလားအလာကောင်းများကို အကျယ်တဝင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ညနေပိုင်းတွင် ဘဝနတ်ထံ ပျံလွန်တော်မူသွားသော ပုသိမ်မြို့ အမှတ်(၂) ရပ်ကွက်၊ နိဂြောဓာလမ်း၊ မောင်းထောင်ပရိယတ္တိစာသင်တိုက်ကြီး၏ တိုက်အုပ်စာချ ကထိကဆရာတော် လဇ္ဇီပေသလ၊ သိက္ခကာမ၊ ဝိနယဂရုက ဖြစ်တော်မူသော သက်တော် (၇၁)နှစ်၊ သိက္ခာတော်(၅၁)ဝါရ တိုင်းဒေသကြီးသံဃာ့နာယကအဖွဲ့ အကျိုးတော်ဆောင် (ရွှေကျင်) ဘဒ္ဒန္တ မာနိတာလင်္ကာရ (သာသနဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒီဃဘာဏက)မဟာထေရ် ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး မောင်းထောင်ကျောင်း ပရိယတ္တိစာသင်တိုက်ကြီး ၏ပဓာနနာယကဆရာတော် ဘဒ္ဒန္တပညာဓိက (မဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ)ထံသို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပြီး အန္တိမအဂ္ဂိ ဈာပနသဘင် ဆင်ယင်ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပုသိမ်ပြည်သူ့ဆေးရုံ ကိုးထပ်တိုးချဲ့ဆောင် ဆောက်လုပ်နေမှုအခြေအနေများအား သွားရောက်စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်အရည်အသွေး စံချိန်စံညွှန်းများပြည့်မီရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ် ကင်းရှင်းစေရေးနှင့် သတ်မှတ်ကာလများအတွင်း အချိန်မီပြီးစီးစေရေးတို့အား အလေးထား ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပြီး ဆေးရုံအတွင်းပတ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ waste water Treatment ကန် ပြုလုပ်နေမှု၊ လူနာခန်းရှိ Toilet တွင်း လက်ကိုင်တန်း တပ်ဆင်ထားမှုနှင့် view point တွင် composite ပြားများ တပ်ဆင် ပြီးစီးမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်း - လှမင်းထွဋ်
မြန်မာနေရှင်နယ်ပို့စ်

No comments:
Post a Comment