ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အထည်ချုပ်လုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုသိမ်မြို့တွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အထည်ချုပ်လုပ်ငန်းနှင့် တည်ဆောက်ရေးလုပ်ငန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုစစ်ဆေး

 


MNP - ဇူလိုင်   ၃၀


ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့တွင်း အပတ်စဉ်စနေနေ့တိုင်း ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် အထည်ချုပ်ငန်း၊ တည်ဆောက်ရေးလုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးခဲ့သည်။


ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်ပေါ်လမ်း ပုသိမ်တက္ကသိုလ်မုဒ်ဦးရှေ့မှ အင်ကြင်းဆောင်ရှေ့အထိ  ၁၇၀၀ ပေ× ၈ ပေ× ၆ လက်မထုရှိသော ကွန်ကရစ် လူသွားလမ်းအား စည်ပင်သာယာရေးအဖွဲ့မှ ဖော်ဆောင်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အောက်ခံမြေသား အမာခံရရှိအောင် ဖိကြိတ်ရန်နှင့် လမ်းအရည်အသွေးကောင်းမွန်စေရေး ဆောင်ရွက်ရန်၊ တက္ကသိုလ်ဝန်းရှိ ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးတို့အား မှာကြားသည်။ ယင်းနောက် ပုသိမ်တက္ကသိုလ်စာကြည့်တိုက် ဆောက်လုပ်ပြီးစီးမှု အခြေအနေများနှင့် စာကြည့်တိုက်အတွင်းရှိ Subject Room၊ Reading Room၊ Reference Room၊ Computer Room၊Meeting Roomများသို့ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စာအုပ်စာစောင်များ မပျောက်ပျက်စေရန်၊ ပြသထားသည့် ရှေးဟောင်းအမွေအနှစ် ပစ္စည်း များအား ဂရုတစိုက်ထိန်းသိမ်းထားရှိရန်၊ နေ့စဉ်ထုတ်သတင်းစာများအား ခုနှစ်အလိုက် စာအုပ်ချုပ်ပြီးစနစ်တကျမှတ်တမ်းထားရှိရန် မှာကြားခဲ့သည်။ ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် နိဂြောဓာလမ်း၊ ကမ်းနားလမ်း၊ ဘန့်ဘွေးကုန်းလမ်းများတွင် ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများနှင့် ရေမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ‌တူးဖော်နေမှုများ၊ ရေမြောင်းများအတွင်း ပလတ်စတစ်များ၊ အမှိုက်များ ပိတ်ဆို့မှု မရှိစေရေးတို့အတွက် ရှင်းလင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။


ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် စိုက်ပျိုးရေးဦးစီးဌာန၊ သရောင်းချောင်း စိုက်ပျိုးရေးခြံ၊ ပေါ်ဆန်းမွှေး(၂)ဧက မျိုးသန့်မျိုးစပါးထုတ်စိုက်ခင်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးပြီး ပိုးမွှားများ မကျရောက်စေရေးအတွက် ကြိုတင်ကာကွယ်ရေး၊ မျိုးသန့်စပါး ထုတ်လုပ်မှု အထွက်နှုန်းတိုးတက်စေရေး အလေးထားဆောင်ရွက်ရန် မှာကြားပြီး ပုသိမ်စက်မှု မြို့တော်ရှိ SX SHUANG XI Co.,Ltd နှင့် Ventd'Est Pathein Clothing Co.,Ltd များသို့သွားရောက်၍ အထည်ချုပ်လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်တို့အား လှည့်လည် ကြည့်ရှုစစ်ဆေးပြီး စက်ရုံ၊ အလုပ်ရုံ လုပ်သားများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံပြီးစီးရေး၊ ဒေသအတွင်းရှိ ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေး၊ အလုပ်ခွင်၊ အလုပ်ချိန်စည်းမျဉ်း စည်းကမ်းများနှင့် အညီ ခံစားခွင့် အပြည့်အဝရရှိစေရေးနှင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုပေးရေးတို့အား မှာကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ အမှတ်(၅)ရပ်ကွက် Green Land City Project အတွင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူတည်ဆောက်သည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရေးလုပ်ငန်းခွင်အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် အရည်အသွေး စံချိန်စံညွှန်များနှင့်အညီ အလေးထားဆောင်ရွက်စေရေး၊ လုပ်ငန်းခွင်အတွင်း အန္တရာယ်ကင်းရှင်းစေရေး၊ သတ်မှတ်ထားသော ကာလများတွင် အချိန်မီပြီးစီးစေရေး လမ်းညွှန်မှာကြားသည်။ ယင်းနောက်  ပုသိမ်မြို့နယ် လမ်းဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည့်  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ပုသိမ်မြို့ရှောင်လမ်း ၄ မိုင် ၇ ဖာလုံ  အား လမ်းချဲ့ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီး လမ်းဦးစီးဌာနမှူးက တာဘောင်တိုးချဲ့ခြင်း၊ ကွန်ကရစ်လမ်းချဲ့ရန်မြေတူးခြင်း၊ ထုအခြေခံလွှာခင်းခြင်း၊ သဲကြပ်ခြင်းအစရှိသည့်လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်အား ရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများဆောင်ရွက်နေစဉ် ကာလအတွင်း ယာဉ်အန္တရာယ်ကင်းရှင်းစေရေး၊ လမ်းပုခုံးများ စနစ်တကျရှိစေရေး၊ အရည်အသွေး ပြည့်မီစေရေးအလေးထားဆောင်ရွက်ရန် မှာကြားခဲ့သည်။


သတင်း - လှမင်းထွဋ်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)