နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်ရှိ အကျဉ်းထောင်တွင် လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၃၀၀ ဦးထက်မနည်း လွတ်မြောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော်ရှိ အကျဉ်းထောင်တွင် လက်နက်ကိုင်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အကျဉ်းသား ၃၀၀ ဦးထက်မနည်း လွတ်မြောက်




အဘူဂျာ ၊ ဇူလိုင် ၇ 

နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာမြို့ရှိ အကျဉ်းထောင်တွင် ဇူလိုင် ၅ ရက်က အမည်မသိ သေနတ်သမားများကြောင့် တိုက်ခိုက်မှုတစ်ခုဖြစ်ပွားစဉ် အကျဉ်းသားတစ်ဦး သေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသား ၃၀၀ ဦးထက်မနည်း ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၆ ရက်တွင် ပြောကြားခဲ့သည်။

တိုက်ခိုက်သူများသည် အဘူဂျာမြို့၏ အနောက်တောင်ဘက် Kuja ဒေသရှိ အကျဉ်းထောင်အား ဇူလိုင် ၅ ရက် ညပိုင်းက စီးနင်းတိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၆၀၀ ဦးခန့် လွတ်မြောက်သွားခဲ့သော်လည်း လွတ်မြောက်သွားသည့် အကျဉ်းသား ထက်ဝက်ကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် Shuaibu Begore က ပြောကြားခဲ့သည်။ 

တိုက်ခိုက်မှုအတွင်း အကျဉ်းသားတစ်ဦး သေဆုံးခဲ့ပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်း ၊ အစွန်းရောက်အဖွဲ့ ဘိုကိုဟာရမ် စစ်သွေးကြွများက လုပ်ဆောင်မှုဟု သံသယရှိကြောင်း ဇူလိုင် ၆ ရက်တွင် တိုက်ခိုက်ခံရသည့်အကျဉ်းထောင်သို့ သွားရောက်စဉ် Begore က  သတင်းထောက်များအား ပြောကြားခဲ့သည်။ 

ဇူလိုင် ၅ ရက် နှောင်းပိုင်းတိုက်ခိုက်မှု မဖြစ်ပွားမီ အကျဉ်းထောင်၌ ပြစ်ဒဏ်ချမှတ်ခံထားရသည့် ဘိုကိုဟာရမ် ပူးပေါင်းကြံစည်သူများ နှင့် တရားရင်ဆိုင်နေဆဲ သို့မဟုတ် ပြစ်ဒဏ်ချမှတ်ပြီးဖြစ်သည့် နာမည်ကြီးအစိုးရအရာရှိများ အပါအဝင် အကျဉ်းသား စုစုပေါင်း ၉၉၄ ဦးရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ 

“သူတို့ဟာ ဘိုကိုဟာရမ်အကြမ်းဖက်သမားတွေလို့ သိရှိနားလည်ထားပြီး အထူးသဖြင့် သူတို့ရဲ့ပူးပေါင်းကြံစည်သူတွေအတွက် လာခဲ့ကြတာပါ။ လွတ်မြောက်သွားတဲ့သူအများအပြား အကျဉ်းထောင်ကို ပြန်ရောက်လာခဲ့ပါပြီ။ တစ်ချို့က သူတို့ ပုန်းအောင်းနေတဲ့ ချုံပုတ်တွေကနေ ပြန်လည်ဖမ်းမိခဲ့တာပါ။ ထောင်ကနေ ထွက်ပြေးသွားတဲ့သူ ၆၀၀ လောက်ထဲက ၃၀၀ လောက် ပြန်ဖမ်းမိပါပြီ။”ဟု တာဝန်ရှိသူက ပြောကြားခဲ့သည်။ 

အရေအတွက်အားဖြင့် ၆၄ ဦး ခန့် ရှိတဲ့ ဘိုကိုဟာရမ်ဟု သံသယရှိသူများမှာ ထွက်ပြေးလွတ်မြောက်သွားသည့် အကျဉ်းသားများထဲတွင် ပါဝင်ကြောင်း နိုင်ဂျီးရီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီး Bashir Magashi က ဇူလိုင် ၆ ရက်တွင် ပြောခဲ့သည်။ 

 ယခုအခါတွင် အားလုံး ထိန်းချုပ်မှုအောက်တွင် ရှိနေပြီ ဖြစ်သော်လည်း “သီးခြားအုပ်စုတစ်စုက တိုက်ခိုက်မှု လုပ်ဆောင်ခြင်းအတွက် တာဝန်ယူရမည်ဟု ထင်မြင်ကြောင်း ကာကွယ်ရေးဝန်ကြီး Bashir Magashi က တိုက်ခိုက်ခံရသည့်အကျဉ်းထောင်သို့ သွားရောက်စဉ်အတွင်း သတင်းထောက်များအား ပြောကြားခဲ့သည်။ 

“အများဆုံးဖြစ်နိုင်ဖွယ်ရှိတာကတော့ သူတို့ဟာ ဘိုကိုဟာရမ်အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ထိန်းသိမ်းထားတဲ့အထဲမှာ ဘိုကိုဟာရမ်သံသယရှိသူ အရေအတွက် တော်တော်များများ ရှိပြီးတော့ လောလောဆယ်မှာ သူတို့တွေထဲက ဘယ်သူကိုမှ ရှာလို့မတွေ့ပါဘူး။ ထောင်ထဲက အကျဉ်းသားတွေအထဲမှာ ၆၄ ဦးလောက်ရှိနိုင်ပြီး အခု သူတို့ထဲက ဘယ်သူမှာမရှိတော့ပါဘူး၊ အားလုံး လွတ်မြောက်သွားပြီလို့ ကျွန်တော်ထင်တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ 

ကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ ယင်းတိုက်ခိုက်မှုသည် သေနတ်ပစ်ခတ်မှုများနှင့် ပေါက်ကွဲမှုအများအပြားဖြင့် စတင်ခဲ့ပြီး တိုက်ခိုက်သူများက အကျဉ်းထောင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး အကျဉ်းသားများအနက် တစ်ချို့အား လွတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

နိုင်ဂျီးရီးယားနိုင်ငံ အကျဉ်းသားများ ထိန်းသိမ်းပြုပြင်ရေးလုပ်ငန်း (NCS) ၏ ပြောရေးဆိုခွင့်ရှိသူ Abubakar Umar က ယင်းတိုက်ခိုက်မှုအား လုံခြုံရေးတပ်ဖွဲ့များက အောင်အောင်မြင်မြင်တွန်းလှန်နိုင်ခဲ့ကြောင်း ကြေညာချက်တွင် ပြောကြားခဲ့သည်။ 

အကျဉ်းထောင်သည် တည်ငြိမ်မှု ပြန်လည်ရရှိပြီး အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။


Ref : (ဆင်ဟွာ) 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)