MNP - ဇူလိုင် ၁၆
၂၀၂၂ ခုနှစ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၁၉)နှစ်အောက် အမျိုးသား ဘောလုံး ပြိုင်ပွဲကို နေပြည်တော်၌ ကျင်းပပြုလုပ် သွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်မည့် မွန်ပြည်နယ် ဘောလုံးအသင်းအား အောင်နိုင်ရေး အလံ ပေးအပ်ပွဲနှင့် ဂုဏ်ပြုငွေ ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာမွန်ပြည်နယ် အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦး ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ပြည်နယ်အဆင့် ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသူများ၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း အမှုထမ်းများ၊ နည်းပြများ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက အမှာစကားပြောကြားရာတွင် အားကစားကဏ္ဍမြှင့်တင်ခြင်းဟာ နိုင်ငံတော်၏ ဂုဏ်ကို မြှင့်တင်တည်ဆောက်နေခြင်းပဲ ဖြစ်ပါကြောင်း၊ နိုင်ငံနှင့် လူမျိုးရဲ့ဂုဏ်သိက္ခာကို တိုးတက်မြင့်မားစေချင်တယ်ဆိုတဲ့ ခံယူချက်၊ အမျိုးသားရေးအမြင်တို့ဖြင့် ယှဉ်တွဲ၍ နိုင်ငံတော်အနေဖြင့် အထူးအားပေး ချီးမြှောက်လျက် ရှိပါကြောင်း၊ မွန်ပြည်နယ်အလံကို အောင်လံတလူလူ လွင့်ပျံ့နေစေရေး အစွမ်းကုန် ကြိုးပမ်း ယှဉ်ပြိုင်ကြဖို့နှင့် မိမိတို့၏ သမိုင်းကို မိမိကိုယ်တိုင်ရေးထိုးနိုင်ရန်အတွက် ရေကုန်ရေခမ်း ကြိုးစားကြဖို့ အလေးနက်ထား မှာကြားလိုကြောင်း အားကစားသမားများ အနေဖြင့်လည်း စည်းကမ်းတကျဖြင့် မိမိ ပြည်နယ်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်အောင် ညီညီညွတ်ညွတ် ကြိုးပမ်း သွားကြရန် တံခွန်စိုက် ဒိုင်းဆုကြီးနှင့်အတူ ပြည်နယ်ဂုဏ် ဆောင်နိုင်အောင်စွမ်းစွမ်းတမံ ကြိုးစားကြပါလို့ တိုက်တွန်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပြီး အသက် (၁၉) နှစ် အောက် အမျိုးသား ဘောလုံး အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ခဲ့သည်။
ထို့နောက် အသက်(၁၉) နှစ်အောက်အမျိုးသားဘောလုံးအသင်း ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အခြေအနေများအား ပြည်နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးခင်ဇော်ကလည်းကောင်း ဘောလုံးနည်းပြချုပ် ဦးမင်းသူက ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရှိမှု အခြေအနေတို့ကို လည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အသက်(၁၉)နှစ်အောက် အမျိုးသား ဘောလုံးအသင်းအတွက် M ရော်ဘာကုမ္ပဏီ လီမိတက်မှ ဂုဏ်ပြုထောက်ပံ့ငွေ (၁၀) သိန်းကို ပေးအပ်ရာ နည်းပြနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြပြီး အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ခင်စန်းမြင့်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment