မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးပညာရေးဒီဂရီကောလိပ်တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မကွေးပညာရေးဒီဂရီကောလိပ်တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲဆောင်ရွက်






MNP - ဇူလိုင်  ၁၆


မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က မကွေးပညာရေး ဒီဂရီကောလိပ်၊ ပညာ့ဗိမာန်ခန်းမတွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်၊ မကွေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်လှိုင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မြို့နယ် ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် ပရဟိတလူမှုရေး အသင်းအဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးဆက်အဖြစ် သဘာဝဘေး အန္တရာယ်အမျိုးမျိုးကို ခံစားနေရသည်နည်းတူ မိမိတို့ မြန်မာနိုင်ငံတွင်လည်း သဘာဝဘေးအန္တရာယ် များ ပိုမိုခံစားလာရသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်သည် တားဆီး၍ မရနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းများကို အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုများ လျော့နည်းသက်သာစေမည်ဖြစ်ပါကြောင်း၊ မိမိတို့ တိုင်းဒေသကြီးသည် နှစ်စဉ်မိုးရာသီကာလအတွင်း ရေဘေးအန္တရာယ်ကို ကြုံတွေ့ရလေ့ရှိပြီး မိုး သည်းထန်စွာရွာသွန်းခြင်းကြောင့် လျှပ်တစ်ပြတ်ရေကြီးခြင်းနှင့် မြစ်ရေများစိုးရိမ်ရေမှတ် ကျော်လွန် ခြင်းတို့ကြောင့် ရေဘေးအန္တရာယ်အား ပိုမိုဂရုပြုဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ယခုလို သဘာဝ ဘေးအန္တရာယ်ဇာတ်တိုက်လေ့ကျင်းခြင်းများ ဆောင်ရွက်ခြင်းဖြင့် အမှန်တစ်ကယ်ဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ မိမိတို့ကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား သိရှိ  နားလည်ပြီး ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းတွင် ပါဝင်လေ့ကျင့်ကြမည့် ကျောင်းသား/သူများအနေဖြင့်လည်း ဆရာ/ဆရာမများအဖြစ် ပြန်လည် တာဝန်ထမ်းဆောင်သည့်အခါ မိမိတို့တာဝန်ကျရာ ဒေသများရှိ ပြည်သူများအား သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာများအား ပြန်လည်ဖြန့်ဝေပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။


ထို့နောက် တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေး အန္တရာယ်ကြုံတွေ့လာပါက ပြည်သူများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၊ ထိခိုက်ဒဏ်ရာရပြည်သူများအား ဆေးဝါကုသဆောင်ရွက် မှုများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ဆောင်ရွက်မှုများအား သရုပ်ပြသခဲ့ကြောင်း သိရသည်။


အဆိုပါ ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် မကွေးပညာရေးဒီဂရီ ကောလိပ်ရှိ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စာအုပ်စာစောင်များ ဖတ်ရှုနိုင်ရေးအတွက် မကွေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်များနှင့် နံရံကပ် စာစောင်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


သတင်း - ကိုစည်သူ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)