ပြည်သူ့စစ်ကို နှိပ်ကွပ် သွေးခွဲ ဒုက္ခပေးနေသော ဒုရဲအုပ်ကို အရေးယူပေးပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်ကို နှိပ်ကွပ် သွေးခွဲ ဒုက္ခပေးနေသော ဒုရဲအုပ်ကို အရေးယူပေးပါရန် (အိတ်ဖွင့်ပေးစာ)



မြန်မာနေရှင်နယ်ပို့စ်မှ တဆင့် တာဝန်ရှိလူကြီးမင်းများထံ တင်ပြအပ်ပါသည် -

ကျွန်တော်တို့ တန့်ဆည်မြို့နယ်၊ မူးတိမ်ကျေးရွာတွင် တာဝန်ကျနေသော ဒုရဲအုပ် ဇေယျာထွန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင် ရွာသားများအား သူ၏ အစေခံများပမာသဘောထား၍ ဖိနပ်တိုက်ခိုင်းခြင်း၊ ဝေယျာဝစ္စလုပ်ခိုင်းခြင်းများအပါအဝင် ပြည်သူ့စစ်များ ပူးပေါင်းဆက်သွယ် ဆောင်ရွက်မှုများ မပြုလုပ်နိုင်စေရန် ကြိမ်းဝါးခြောက်လှန့်မှု အမျိုးမျိုး လုပ်ဆောင်ခဲ့ပါသည်။

ကျွန်တော်တို့အနေဖြင့် မိမိတို့ရပ်ရွာများကို ကာကွယ်နိုင်ရန် ရည်ရွယ်၍ နိုင်ငံတော်၏ မူဝါဒဖြစ်သော ပြည်သူ့စစ်များဖွဲ့စည်းကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဆရာတော်ဦးဝါသဝ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်အဖွဲ့ဝင်များအဖြစ် စနစ်တကျ သင်တန်းတက်ရောက်ပြီး ရပ်ရွာကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ မူးတိမ်ကျေးရွာတွင် တာဝန်ကျနေသော ဒုရဲအုပ် ဇေယျာထွန်းမှာ ပြည်သူ့စစ်အဖွဲ့ဝင်များ ရပ်ရွာကာကွယ်ရေးလုပ်ငန်းများကို အားတက်သရော ပါဝင်လုပ်ဆောင်ခြင်းကို မနှစ်မြို့သည့်အပြင် PDF အကြမ်းဖက်သမားများက ကျေးရွာကို တိုက်ခိုက်နိုင်စေရန် စီစဉ်ဆောင်ရွက်ပေးနေသူ ဖြစ်ပါသည်။ ထိုသူ တာဝန်ထမ်းဆောင်နေသည့် ကာလတွင် PDF အကြမ်းဖက်သမားများက ရပ်ရွာကို လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်သည်အထိ လုပ်ဆောင်ခဲ့ပါသည်။ နေအိမ်ပေါ် ကျရောက်ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပေါ်ခဲ့ပါသည်။ သို့သော်လည်း PDF အကြမ်းဖက်သမားများကို ဖော်ထုတ်ရှင်းလင်းခြင်း အလျဉ်းမရှိခဲ့ပါ။ ပြည်သူ့စစ်အဖွဲ့ဝင်များကိုလည်း သွားလာလှုပ်ရှားခွင့် မပြုပါ။ 

ဒုရဲအုပ်ဇေယျာထွန်း သည် ပြည်သူ့စစ်အဖွဲ့ဝင်များအား သူ၏ အခိုင်းအစေများကဲ့သို့ သဘောထားကာ ဖိနပ်တိုက်ခိုင်းခြင်း၊ အရက်ဝယ်၊ ဘီယာဝယ်၊ ထန်းရည်ဝယ် ခိုင်းစေခြင်းများ လုပ်ဆောင်နေပါသည်။ သူ၏ အဝတ်မှစ၍ လျော်ပေးနေရပါသည်။ ကျွန်တော်တို့အနေဖြင့် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ အန္တရာယ်ကာကွယ်ရေးအတွက်သာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒဖြစ်သော ပြည်သူ့စစ်တပ်ဖွဲ့ဝင်များတွင် ကိုယ့်ရပ်ကိုယ့်ရွာ ကာကွယ်နိုင်ရေးအတွက် ဝင်ရောက်တာဝန်ထမ်းဆောင် နေကြခြင်းဖြစ်ပါသည်။ ဒုရဲအုပ်ဇေယျာထွန်း ၏ အခိုင်းအစေများ မဟုတ်ကြပါ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတော်လစာ ပေးအပ်ထားသော ဒုရဲအုပ်မှာ နိုင်ငံတော်၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်အပြင် အကြမ်းဖက်သမားများနှင့် ပူးပေါင်း၍ လုပ်ဆောင်နေခြင်းမှာ လက်ခံနိုင်စရာ မရှိပါ။

ထို့အပြင် ကျွန်တော်တို့ ကျေးရွာများတွင် ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်း၍ ရပ်ရွာကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ဟောပြောစည်းရုံး လမ်းညွှန်ဆောင်ရွက်ပေးခဲ့သော ဆရာတော် ဦးဝါသဝ နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန်လည်း တားမြစ်ပိတ်ပင်နေပါသည်။ ဒုရဲအုပ်ဇေယျာထွန်းက မှော်တော်ဆရာတော်နှင့် မဆက်ရန်၊ မှော်တော်ဆရာတော်အား လူရှုပ် ဟု ၎င်း၏ နှုတ်မှ ထုတ်ဖော်ပြောဆိုလာခြင်းမှာ ကျွန်တော်တို့ ပြည်သူ့စစ်အဖွဲ့ဝင်များအား ဆရာတော်ဦးဝါသဝအပေါ် အရိုအသေတန်စေရန် ရည်ရွယ်ချက်ရှိရှိ ပြောဆိုခြင်း ဖြစ်ပါသည်။

ကျွန်တော်တို့ အနေဖြင့် ကျန်းမာရေး၊ လူမှုရေး အကူအညီ လိုအပ်လျှင် ဆရာတော်ဦးဝါသဝထံ အချိန်မရွေးဆက်သွယ် အကူအညီတောင်းလျှင် ဆရာတော်က သူတတ်နိုင်သည့် ကိစ္စမှန်သမျှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ဆောင်ရွက်ပေးနေသည့် ဆရာတော်အပေါ် PDF အကြမ်းဖက်သမားများ တည်ငြိမ်အေးချမ်းရေးလုပ်ဆောင်နေသော ဆရာတော်အပေါ် ရှုမြင်သည့်အတိုင်း ဒုရဲအုပ်ဇေယျာထွန်း က ရှုမြင်ပြောဆိုနေခြင်းမှာ တည်ငြိမ်အေးချမ်းမှုအတွက် လာရောက်တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ဘဲ အကြမ်းဖက်အားပေး လာရောက်လုပ်ဆောင်နေသည်မှာ ထင်ရှားနေပါသည်။

ထိုကဲ့သို့ ဆရာတော်အပေါ် မဖွယ်မရာ ပြောဆိုခြင်းကြောင့် ပြည်သူ့စစ်အဖွဲ့ဝင်များက ပြန်လည်ပြောဆိုသောအခါ သေနတ်နှင့် ထချိန်၍ နိုင့်ထက်စီးနင်း ပြောဆိုခဲ့ပါသည်။ 

၎င်းတာဝန်ထမ်းဆောင်နေသည့် ကာလအတွင်း PDF အကြမ်းဖက်သမားများက ကျေးရွာအနီးထိ ချည်းကပ်တိုက်ခိုက်လာသည်ကိုပင် မည်သို့မျှ တုန့်ပြန်နိုင်ခဲ့ခြင်းမရှိပါ။ 


လေးစားအပ်ပါသော နိုင်ငံတော်အကြီးအကဲများခင်ဗျာ -

ကျွန်တော်တို့ ရဟန်းရှင်လူပြည်သူများအနေဖြင့် နိုင်ငံတော်၏ မူဝါဒများကို ပူးပေါင်းဆောင်ရွက်နေသော်လည်း နိုင်ငံတော်လစာစား ဒုရဲအုပ်ဇေယျာထွန်းမှာ နိုင်ငံတော်၏ မူဝါဒများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်အပြင် ဆရာတော်ဦးဝါသဝ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော ပြည်သူ့စစ်အဖွဲ့ဝင်များကို ညီညွတ်မှုပျက်ပြားအောင် ဆောင်ရွက်နေပါသည်။ ကျန်းမာရေး၊ လူမှုရေးမှအစ ဆရာတော်နှင့် ဆက်သွယ်ဆောင်ရွက်ခြင်း မပြုရန် အမိန့်ထုတ်လာခြင်းမှာ နိုင်ငံတော်အမိန့်မဟုတ်ဘဲ ၎င်း၏ ပုဂ္ဂလိက ခံစားချက်ကို ရှေ့တန်းတင်၍ ရွာသူရွာသားများ အတိဒုက္ခရောက်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းဖြစ်ပါသည်။

ထိုကဲ့သို့ နိုင်ငံတော်မူဝါဒများ ပျက်ပြားစေရန် အကြမ်းဖက်အားပေး လုပ်ဆောင်နေသော ပုဂ္ဂိုလ်၊ ပြည်သူ့စစ်အဖွဲ့ဝင်များအပေါ် ရာထူးအာဏာဖြင့် မလျော်သြဇာသုံးစွဲ၍ နိုင့်ထက်စီးနင်း ပြုကျင့်နေသောပုဂ္ဂိုလ်အား အမြန်ဆုံး ဖယ်ရှား အရေးယူ ဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာ တင်ပြအပ်ပါသည်။


တာဝန်သိ ပြည်သူတစ်ဦး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)